Monday, September 29, 2014

လက်ကိုင်ဖုန်း နဲ့ အန္တရာယ်

မြိုင်မြို့နယ်မှာ မိုးရွာနေတုန်း လမ်းလျှောက် ဖုန်းပြောနေတဲ့သူတယောက် သူ့ဖုန်း "ပေါက်ကွဲ"တဲ့အတွက် ဒဏ်ရာရ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

သူ ထီးဆောင်းထားသလား၊  မိုးရေစိုနေသလား ဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါ။

ဒီသတင်းကြောင့် မိုးရွာထဲ လမ်းလျှောက်သူတွေ ဖုန်းအသုံးပြုမှု ဆင်ခြင်ကြမယ်လို့ ယူဆရပါတယ်။

ဖုန်းအားသွင်းနေတုန်း အသုံးပြုရင်လည်း ဒုက္ခရောက်တတ်ပါတယ်။


တရုတ်ပြည်မှာ iPhone 5 အားသွင်းထားတုန်း ဖုန်းသုံးသူ သေဆုံးသွားကြောင်း မနှစ်က နှစ်လယ်ပိုင်း သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။

ဒီအမျိုးသမီးက ဖုန်းသံကြားလို့ ရေချိုးခန်းထဲကထွက်ပြီး ဖုန်းလာကိုင်တယ်လို့ ဆိုတယ်။ ရေချိုးရင်းတန်းလန်း ဆိုတော့ ရေစိုကောင်း စိုနေပါလိမ့်မယ်။

ဓာတ်ဆီဆိုင်တွေမှာလည်း ဆိုင်နဲ့ အနီးဝန်းကျင်မှာ လက်ကိုင်ဖုန်းသုံးတာကို တားမြစ်ထားပါတယ်။
  ဆီဖြည့်နေချိန် တယ်လီဖုန်းသုံးရင် တယ်လီဖုန်းကထွက်တဲ့ လျှပ်စစ်ဓာတ်ကြောင့် မီးလောင်မှုဖြစ်နိုင်ချေရှိတယ် ဆိုတဲ့ တွက်ချက်မှုကြောင့်ပါ။
ဒါက အငြင်းပွားစရာ ဖြစ်နေပေမယ့် ဆိုင်အများအပြားမှာတော့ လက်ကိုင်ဖုန်းမသုံးဖို့ သတိပေးစာတန်း၊ အမှတ်အသား ရှိတတ်ကြပါတယ်။
ဓာတ်ဆီဆိုင်မီးလောင်ရင် ဆီဖြည့်နေတဲ့သူရော ဆိုင်ဝန်ထမ်းတွေရော ဒုက္ခများ၊ အန္တရာယ်ကြီးလွန်းတာကြောင့် ဖုန်းအသုံးပြုခြင်း ဆင်ခြင်ကြပါတယ်။

ဒီခေတ်မှာ တယ်လီဖုန်းကို သွားလေရာယူသွားနိုင်တဲ့အတွက် အင်မတန် အဆင်ပြေပေမယ့် ဆင်ခြင်စရာလေးတွေ ရှိတယ်၊
အခန့်မသင့်ရင် အန္တရာယ်ကျရောက်တတ်တယ်ဆိုတဲ့အချက်ကို သတိထားနိုင်ရင် အကောင်းဆုံးပါပဲ။




မိုးရွာနေစဉ် ဖုန်းပြောရာမှ လျှပ်စစ်စီးဝင်ပြီး ဒဏ်ရာရသေဆုံး

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် လူတစ်ဦးမိုးကြိုးထိမှန်သေဆုံးကြောင်း
သတင်းအရ လင်းကတောနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ၎င်းင်းကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် အခြေခံပညာအထက်တန်းကျောင်း မြောက်ဘက်လမ်းမပေါ်၌ လမ်းလျှောက်၍
လက်ကိုင်ဖုန်းနှင့် စကားပြောရာမှ လျှပ်စစ်စီးဝင်ပြီး ဖုန်းပေါက်ကွဲသဖြင့်
ဝဲနားထင်သွေးယိုစီး၊ ၀ဲနားရွက်ညိုမဲဒဏ်ရာများ ရရှိသေဆုံးသွားကြောင်းနှင့်
လင်းကတောနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment