Monday, September 8, 2014

ဂျပန်သွားမည့် လုပ်သားများ လိမ်လည်ခံရသည့် ငွေကြေးပြန်ရရေး ဆရာတော် ဦးဝီရသူ လုပ်ဆောင်

ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ အလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကျပ် သိန်းသုံးထောင်ကျော် လိမ်လည်ခဲ့သည့် တရားဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီထံမှ ငွေပြန်ရရန် ဆရာတော် ဦးဝီရသူ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေကြောင်း ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက်မှ ဦးရွှေကြည်က ပြောကြားသည်။

လိုင်စင်ရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဖြစ်သည့် ကျော်ကျော်နိုင် ကုမ္ပဏီထံမှ
လိမ်လည်သွားသည့် ငွေကြေးများကို ပြန်လည်ရရှိရန် ဆရာတော် ဦးဝီရသူ၏ စေလွှတ် မှုကြောင့် ရောက်ရှိလာခြင်း ဖြစ်ပြီး လုပ်သားများ၏ စကားကို နားထောင်ကာ ဆရာတော် ဦးဝီရသူနှင့် ဆွေးနွေး၍ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျော်ကျော်နိုင် နည်းပညာ ဝန်ဆောင်မှု ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၁၂၀ ကျော်ထံမှ ငွေကျပ် သိန်းသုံးထောင်ကျော်ကို ယူဆောင်သွားပြီး ပြီးခဲ့သည့် ဇူလိုင်လတွင် အဆက်အသွယ် မရတော့ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

အေဂျင်စီပိုင်ရှင် ဦးကျော်ကျော်နိုင်တွင် ကျပ်သိန်း နှစ်ထောင်ခန့် တန်ဖိုးရှိသော နေအိမ်ရှိကြောင်း အစိုးရ အဖွဲ့အစည်းများထံမှ သိရှိထားပြီး အဆိုပါ နေအိမ်ကို ရောင်းချနိုင်ရန် တရားရုံးတွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးရွှေကြည်က ပြောဆိုသည်။

အိမ်ကို ရောင်းချပါက အဆိုပါ နေအိမ်ကို ဆရာတော်၏ အလှူရှင်များနှင့် ပေါင်းစပ်ကာ ဝယ်ယူသွားမည် ဖြစ်ပြီး ငွေကြေး လိမ်လည်ခံရသည့် လုပ်သားများကို သံဃာတော်များ ရှေ့မှောက်တွင် ငွေပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဂျပန်နိုင်ငံသို့ Work Permit ဖြင့် သွားရောက် လုပ်ကိုင်လိုသည့် လုပ်သား ၂၀ ခန့်၊ Training ဗီဇာဖြင့် သွားလိုသည့် လုပ်သား ၁၀၀ ခန့်သည် ကျော်ကျော်နိုင် ကုမ္ပဏီနှင့် ၂၀၁၃ ခုနှစ်တွင် ချိတ်ဆက်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။

ငွေကြေး လိမ်လည်သွားသည် ဆိုသည့် ပြောဆိုမှုများနှင့် ပတ်သက်၍ ကျော်ကျော်နိုင် နည်းပညာ ဝန်ဆောင်မှု ကုမ္ပဏီကို The Voice က ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ကျော်ကျော်နိုင် နည်းပညာ ဝန်ဆောင်မှု ကုမ္ပဏီကို ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရန် ၂၀၁၃ ခုနှစ် မေလတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက တရားဝင်လိုင်စင် ထုတ်ပေးခဲ့သည်။

Credit To The Voice Weekly

No comments:

Post a Comment