Thursday, September 25, 2014

အလုပ်လက်မဲ့နှုန်း အတိအကျရရှိရန် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ILO ၏အကူအညီဖြင့် လုပ်သားအင်အားစစ်တမ်း ကောက်ယူမည်

အလုပ်လက်မဲ့နှုန်းနှင့်ပတ်သက်၍ မှန်ကန်တိကျသည့် ကိန်းဂဏန်းများရရှိရန်အတွက် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏အကူအညီဖြင့် လုပ်သားအင်အား စစ်တမ်းတစ်ရပ်ကို ကောက်ယူသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းက စက်တင်ဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက "အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းဦးရေ၊ ထုတ်ပေးရသည့် လစာနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသော ၀န်ထမ်းဦးရေနှင့် လက်ရှိအလုပ်လက်မဲ့ ရာခိုင်နှုန်းမည်မျှရှိကြောင်း၊ ပြည်ပမှပြန်လည်ရောက်ရှိလာသော အလုပ်သမား များကို ပြည်တွင်းတွင် အလုပ်အကိုင်ပြန်လည်ခန့်ထားရေးအတွက် မည်သို့စီမံလျက်ရှိသည်ကိုသိလိုကြောင်း" ကို မေးမြန်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းက အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အမြဲတမ်းဝန်ထမ်းဦးရေမှာ ၂၀၁၄ ခုနှစ် ဇွန်လကုန်အထိ ၉၀၃၃၆၆ ဦးရှိပြီး အချိုးအစားမှာ အမျိုးသား ၄၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် အမျိုးသမီးမှာ ၅၄ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအတွက် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အပိုထောက်ပံ့ကြေးနှင့် ဒေသစရိတ်များအပါအ၀င် စုစုပေါင်းလစာစရိတ်မှာ ကျပ် ၁၉၉၄၀၇၇ ဘီလျံ လျာထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နိုင်ငံတော်တွင် အမြဲတမ်းဝန်ထမ်းများအပြင် လုပ်ခစားဝန်ထမ်းအင်အား တစ်သိန်းနှစ်သောင်းခန့်ရှိပြီး လုပ်ခစားဝန်ထမ်းများအတွက် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေတွင် တစ်နှစ်အတွက် လစာစရိတ် ကျပ် ၁၀၁ ဒသမ ၇၄၁ ဘီလျံရှိပြီး အပိုထောက်ပံ့ကြေးနှင့် ဒေသစရိတ်အပါအ၀င် စုစုပေါင်း ကျပ် ၁၅၂ ဒသမ ၃၈၂ ဘီလျံလျာထားကြောင်း ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းကဆိုသည်။

ပုဂ္ဂလိကကုမ္ပဏီများ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်ကကောက်ယူခဲ့သည့် စာရင်းအရ လုပ်သားအင်အားမှာ ၈၉၅၅၉၇ ဦးရှိကြောင်း ၎င်းကထပ်မံပြော ကြားသည်။

အလုပ်လက်မဲ့ဦးရေတွက်ချက်ရာတွင် လူဝင်မှုကြီးကျပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နှစ်စဉ် ရရှိသည့် လူဦးရေးတိုးနှုန်းအပေါ် အခြေပြုကာ လုပ်သားအင်အားတိုးနှုန်းကို တွက်ချက်ရယူပြီး ၁၉၉၀ ပြည့်နှစ် လုပ်သားအင်အားစစ်တမ်းမှ ကောက်ယူရရှိခဲ့သည့်အချက်အလက်များကို အခြေခံပြီးလုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့နှုန်းတို့ကို ခန့်မှန်းတွက်ချက်ရခြင်းဖြစ်ကာ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၃ ခုနှစ်ရှိ အလုပ်လက်မဲ့နှုန်းမှာ ၄ ဒသမ ၀၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းကဆိုသည်။

Eleven

No comments:

Post a Comment