Tuesday, September 16, 2014

အရွယ်မရောက်သေးသော ကချင်လူငယ်အား KIA မှလူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

ကချင်ပြည်နယ်၊ မန်စီမြို့နေဒေသခံကချင်လူငယ်တစ်ဦးအား စက်တင်ဘာ ၁၃ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ်အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ယင်းဒေသခံများ ထံမှသတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ မန်စီမှ ပါတော်သို့ ဆိုင်ကယ်ကယ်ရီဆွဲနေသော ယင်းလူငယ်အား နံနက် ၉ နာရီခန့်တွင် ယင်းလမ်းကြောင်း၌ သွားလာနေသော KIA အဖွဲ့က ထိုးကြိတ်ရိုက်နှက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်ကယ်ရီသမားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံလူငယ်မှာ မောင်နော်နော် ၁၆ နှစ်၊ (ဘ)ဦးဝင်းကို၊ ကချင်/ဗုဒ္ဓ၊ မောရ၀တီရပ်ကွက်၊ မန်စီမြို့နေသူဖြစ်ကြောင်း သိရသည်။

``သိသိချင်း လိုက်ညှိပါသေးတယ်၊ ဒါပေမယ့် KIA အဖွဲ့က သူတို့ဆီမှာမရှိဘူးလို့ပဲပြောလွှတ်တယ်၊ ပါတော် ကနေ အင်ဘာပါကို ခေါ်သွားတယ်လို့ သိရပါတယ်´´ဟုဆွေမျိုးတော်စပ်သူ တစ်ဦးကပြောသည်။

KIA ထိန်းချုပ်နယ်မြေအတွင်း ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေထိုင်ခွင့်ပြုရန် KIA မှ ဗိုလ်မှူးကြီး ဂျိန်းလွန်းဒေါင်နှင့် RSO မှ ဦးမောင်ထွန်းနု ဦးစီး ရိုဟင်ဂျာ ၃ ဦးတို့တွေ့ဆုံခဲ့သော ဗွီဒီယိုရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် ကချင်ဒေသခံများမှ အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

KIA အဖွဲ့သည် မကြာမီကာလတွင် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ရာ ယခုကဲ့သို့ လူသစ်စုဆောင်းမှုများက ယင်းအဖွဲ့အပေါ်ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အစိုးရနှင့်ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်မထိုးနိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ KIA နှင့် TNLA အဖွဲ့နှစ်ဖွဲ့သာကျန်ရှိတော့ကြောင်း သိရှိရပါသည်။

ဇော်မိုင်
Today Myanmar

No comments:

Post a Comment