Wednesday, September 10, 2014

မြန်မာယူ ၂၃ နှင့် ဂျပန်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲ MRTV တိုက်ရိုက်ပြသမည်

Photo: မြန်မာယူ ၂၃ နှင့် ဂျပန်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲ MRTV တိုက်ရိုက်ပြသမည်
Wednesday, September 10, 2014

ပဏာမလက်ရွေးစင် မြန်မာယူ ၂၃ အသင်းနှင့် ဂျပန်ညွန့်ပေါင်းအသင်း (JFL ALL STAR) တို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ (ယနေ့) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယင်းခြေစမ်းပွဲကို MRTV (မြန်မာ့အသံနှင့် ရုပ်မြင်သံကြား) က တိုက်ရိုက် ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီမံရေးရာ ညွှန်ကြားရေးမှူး ဦးစိုးမိုးကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ်တို့ စီစဉ်ကျင်းပသည့် အဆိုပါ ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ ယင်းနေ့ညနေ ၄ နာရီတွင် ယှဉ်ပြိုင်မည်ဖြစ်ရာ ကွင်းဝင်ကြေး အခမဲ့ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

(၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် လက်ရွေးစင် အသင်းအတွက် ခြေစွမ်းကောင်းမွန်ပြီး အသက်မီသည့် ကစားသမားများ ပေါ်ထွက်လာရန် ရည်ရွယ် ဖွဲ့စည်းထားသည့် လက်ရွေးစင် B အသင်းအနေနှင့် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ပဏာမမြန်မာယူ ၂၃ အသင်း ယာယီနည်းပြချုပ် ဦးကြည်လွင်က ရှင်းပြသည်။

မြန်မာအသင်းနှင့် ခြေစမ်းမည့် ဂျပန် ညွန့်ပေါင်းအသင်းမှာ ဂျပန် ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ဂျေလိဂ်-၂ မှ ဆီမီးပရိုအဆင့် ကစားသမားများဖြင့် စက်တင်ဘာ ၅ ရက်နေ့က ဖွဲ့စည်းခဲ့သည့် အသင်းဖြစ်ကြောင်း ယင်းအသင်း၏ အဖွဲ့ခေါင်းဆောင် ကိုင်တိုဆိုင်ဇိုက ပြောသည်။

အဆိုပါ ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFL) ညွန့်ပေါင်းအသင်းသည် စက်တင်ဘာလ ၅ ရက်နေ့က လာအို လက်ရွေးစင်အသင်းနှင့် လာအိုနိုင်ငံတွင် ခြေစမ်းကစားခဲ့ရာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း၊ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ပြီးပါက ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း ယင်းအသင်းက ထုတ်ပြန်ထားသည်။

ပဏာမမြန်မာယူ ၂၃ အသင်းကို ကစားသမား ၂၅ ဦးဖြင့် စက်တင်ဘာလ ၄ ရက်နေ့က စတင်လေ့ကျင့်နေပြီး ယခုခြေစမ်းပွဲ တစ်ပွဲတည်း အတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment