Friday, September 12, 2014

ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်း RSO အခြေစိုက်ခွင့် တောင်းဆိုခြင်းကို လက်မခံနိုင်ဟု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် များပြော

   မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာမည့် အကြမ်းဖက် အဖွဲ့အစည်းများ မှန်သမျှကို လုံးဝ လက်မခံနိုင်ကြောင်း  တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
                အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် RSO မှ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင်း လှုပ်ရှား သွားလာခွင့်၊ ထူထောင်အခြေစိုက်ခွင့် တောင်းဆိုခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
                 အခု ၀ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကတော့ ကျွန်တော်တို့ ပြည်တွင်းရေးမှာ အချင်းချင်း တိုင်ပင် ဆွေးနွေးခြင်းဖြင့် ပြေလည် နိုင်မယ်လို့ ကျွန်တော်တို့က အယုံအကြည် ရှိတယ်။ ပြည်ပက ပယောဂတွေ ၀င်လာလို့ ရှိရင် ကျွန်တော်တို့ လုံးဝ မပြီးဆုံးနိုင်တဲ့ ပြဿနာပိုပြီးတော့
ရင်ဆိုင်ရမယ်လို့ အလေးအနက် ပြောချင်တယ် ဟု “၀”ဒီမိုကရက် တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ်က ဆိုသည်။
                ပြည်တွင်း တိုင်းရင်းသား အားလုံးအတွက် အချင်းချင်း ညှိနှိုင်းပါက ညှိနှိုင်းမှု အဆင်ပြေလည် နိုင်ကြောင်း၊ ပြည်ပ ပယောဂ၀င် လာပါက ပိုမိုရှုပ်ထွေး ပွေလီကာ ရှင်းမရသည့် ကိစ္စများ ပေါ်ပေါက်လာ နိုင်ကြောင်း၊ ထို့ကြောင့် မည်သူ့ကို မဆို အကြမ်းဖက်ဝင်လာသည့် အဖွဲ့အစည်းမှန်သမျှ လက်မခံနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
                 ကျွန်တော်တို့ ဘက်က လက်မခံတဲ့ ဒီအဖွဲ့အစည်း တစ်ခုကို ကေအိုင်အေရဲ့ နယ်မြေတွင်းမှာ သို့မဟုတ် ကချင်ပြည်နယ် တွင်းမှာ အခြေချ ခွင့်ပေးလိုက်ပြီ သို့မဟုတ် အခြေချ ခွင့်ပေးလိုက်မယ် ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခြင်း ကိုက အတွင်း ပဋိပက္ခ ဖြစ်သွားနိုင်တယ် ဟု ရခိုင် အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ဆိုသည်။
                ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး လျင်မြန်စွာ ရရှိမှသာ ဒေသတွင်း ငြိမ်းချမ်းပြီး ပြဿနာများ အေးချမ်း သွားမည်ဖြစ် သောကြောင့် မလိုလား အပ်သည့် ပြဿနာများ ၀င်ရောက်လာ မည်ကို လုံးဝ အလိုမရှိကြောင်း၊ ထို့ကြောင့် မတည်မငြိမ် ဖြစ်သည့် ကိစ္စများ မဖြစ်ရေးကို မိမိတို့ အနေဖြင့် ကြိုးစားသွားကြရန် လိုအပ်ကြောင်း ကချင်ပြည်နယ် လဂျားယန်ဒေသ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး  ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဖြစ်သူ ဒေါ်ဒွဲဘူက ပြောသည်။ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်း RSO ကို အခြေစိုက်ခွင့် ပေးရန် အစီအစဉ် မရှိဟု ကေအိုင်အိုက ငြင်းဆို ထားကြောင်း သိရသည်။

No comments:

Post a Comment