Tuesday, October 21, 2014

ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်း အုပ်စု ပထမနေရာ ရရှိ

လာအိုနိုင်ငံတွင် ကျင်းပ ပြီးစီးသွားခဲ့ သည့် ၂၀၁၄ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် အုပ်စု ပထမနေရာ ရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ (၂၀)ရက်က ယှဉ်ပြိုင် ကစားခဲ့သော ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက လာအိုအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူပြီး အုပ်စုပထမ နေရာရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနှင့် လာအိုတို့သည် ပွဲမကစားမီ ကတည်းက ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်သော်လည်း အုပ်စုပထမ နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသည်။ မြန်မာအသင်း အတွက် အဖွင့်ဂိုးကို ပွဲချိန်(၄၃) မိနစ်တွင် နန္ဒလင်းကျော်ချစ်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လာအိုအသင်း အနေဖြင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးဝင်အောင် စွမ်းဆောင်နိုင် ခဲ့ခြင်းမရှိပေ။

ပွဲချိန်မိနစ် (၈၀)တွင် ကျော်ကိုကိုက ပင်နယ်တီမှ တစ်ဆင့် မြန်မာအသင်း အတွက် ဒုတိယ အနိုင်ဂိုး ရယူပေးခဲ့သည်။ လာအိုအတွက် တစ်လုံးတည်းသော ချေပဂိုးကို ထပ်ဆောင်း အချိန်ပိုတွင် ပင်နယ်တီမှ သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် လေးပွဲကစား၊ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် (၁၀)မှတ် ရရှိကာ အုပ်စု ပထမနေရာ ရရှိခဲ့ခြင်းဖြစ်သည်။ လာအို အသင်းမှာမူ လေးပွဲကစား၊ သုံးပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ကိုးမှတ်ဖြင့် အုပ်စုဒုတိယ နေရာသာ ရရှိခဲ့သည်။ မြန်မာအသင်းသည် ခြေစစ် ပွဲစဉ်တွင် အုပ်စုပထမ နေရာရရှိခဲ့သဖြင့် နောက်ဆုံး အဆင့် ပွဲစဉ်တွင် အုပ်စု(ခ)၌ စင်ကာပူ၊ မလေးရှား၊ ထိုင်းတို့နှင့်အတူ ကျရောက်သွား ခဲ့သည်။ ဆူဇူကီးဖလား နောက်ဆုံးအဆင့် ပွဲစဉ်များကို နိုဝင်ဘာလ(၂၂)တွင် စတင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ အသင်း၏ ပွဲစဉ်များကို စင်ကာပူ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment