Tuesday, October 21, 2014

လူသတ်မှု၊ လုယက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

၃.၈.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရဲဘော်ဟောင်းလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးရှိ စိုက်ခင်းတဲ အတွင်း အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါတဲတွင်နေထိုင်သော ဦးမောင်မောင်၊ (၆၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ထောက်ကြန့် နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၈/၂၀၁၄)ဖြင့် ရေးဖွင့်၍ စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးစစ်ချက်အရ လည်ဂုတ်တွင် ရရှိသော ထိခိုက်ဒဏ်ရာကြောင့် အမှတ် (၅)လည်ပင်းရိုးကျိုးပြီး သေဆုံးရခြင်း ဖြစ်ကြောင်း၊ ၃.၈.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်ခန့်တွင် ခြံအလုပ် သမားဖြစ်သူ စိုးမင်းဦးမှာ သေဆုံးသူ၏တဲသို့ ရောက်ရှိခဲ့ပြီး သေဆုံးသူပိုင်ဆိုင်သော ဖီလင်း-အမျိုး အစားဆိုင်ကယ်အားစီး၍ယူဆောင်သွားပြီး တိမ်းရှောင်နေကြောင်း မသင်္ကာဖွယ်စုံစမ်း သိရှိခဲ့ရပါသည်။ဦးမောင်မောင် သေဆုံးမှုနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးလျက်ရှိရာမှ (ပ)၂၃၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂/၃၉၂ ဖြင့် ပြောင်းလဲ အမှုဖွင့်လှစ်ပြီး မသင်္ကာသူ စိုးမင်းဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၆၃၅ အချိန်တွင် အမှုမှထွက်ပြေးတိမ်းရှောင်နေသူ စိုးမင်းဦး၊ (၁၈)နှစ်၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာ အဝေးပြေး ကားဝင်းအတွင်း၌ တွေ့ရှိ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ အခင်းဖြစ်နေ့က ထောက်ကြန့်လမ်းဆုံ၌ အရက်သေစာ သောက်စားခဲ့ပြီး စိုက်ခင်း ထဲသို့ပြန်ရောက်စဉ် တဲပိုင်ရှင် ဦးမောင်မောင်နှင့် စကားများခဲ့ရာမှ အနီးရှိသံတုတ်ဖြင့် ဦးမောင်မောင် အား(၃)ချက်ခန့်ရိုက်နှက် ခဲ့ကြောင်း၊ တဲပေါ်တွင် ဦးမောင်မောင်လဲကျသွား၍ စောင်ခြုံပေးထားခဲ့ပြီး အနီးရှိအခြားတဲမှ ဦးမောင်မောင်၏မြေးဖြစ်သူ မိန်းကလေးငယ် (၂)ဦးအား ကြိုးတုပ်ချည်နှောင်ခဲ့ကာ (၁)ဦးထံမှ MC ရွှေဆွဲကြိုး (၁)ကုံးအား ဆွဲဖြတ်လုယူ ခဲ့ကြောင်း၊ တဲနောက်ခန်းရှိ သေတ္တာအတွင်းမှ ငွေကျပ် (၇)သိန်းကိုလည်း ယူဆောင်ခဲ့ပြီး ဦးမောင်မောင်ပိုင်ဆိုင်သော ဆိုင်ကယ်အား ယူဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်း နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူ စိုးမင်းဦးအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment