Tuesday, October 21, 2014

DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အစိုးရတပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူးကြီးစောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

"ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကျိုက်မရော မြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အဓိကတာဝန်ပေးတာက ဒုဗိုလ်မှူးကြီး စောဆန်းအောင်မှာ တာဝန်ရှိပါတယ်၊ အဲ့ဒါလာရောက်ဖြေရှင်းဖို့အတွက် ဖုန်းနဲ့ဆင့်ခေါ်ပေးမဲ့ ပျက်ကွက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူကိုဒီတာဝန်တွေကို ရုတ်သိမ်းပြီးတော့ အဖွဲ့အစည်းကထုတ်ပယ်တာဖြစ်ပါတယ်"
အစိုးရနဲ့ ဒီကေဘီအေ တပ်တွေအကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစေပြီး ငြိမ်ချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် အဖွဲ့အစည်းတစ်ခုလုံး တာဝန်ယူဖြေရှင်းဖို့ တာဝန်ရှိတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ချို့အကြား ပစ်ခတ်မှုတွေ ၃ ရက်ကြာ ဖြစ်ပွားခဲ့တာပါ။
RFA Burmese

No comments:

Post a Comment