Tuesday, October 21, 2014

အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

Photo: အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

 တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။

အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

Pistorius ကို ထောင်ဒဏ် ၁၀ နှစ် ချသင့်တယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ရှေ့နေအဖွဲ့ကတော့ Pistorius ကို နေအိမ်အကျယ်ချုပ် သုံးနှစ်နဲ့ လူမှုဝန်ထမ်းအလုပ်တွေလုပ်ဖို့ ချမှတ်သင့်တယ်လို့ လျှောက်လဲကြပါတယ်။

ခြေနှစ်ဖက်စလုံးဖြတ်ထားရတဲ့ Pistorius ဟာ ထောင်ထဲမှာ အခက်အခဲတွေ့ပါလိမ့်မယ်လို့ သူ့ရဲ့ရှေ့နေတွေက လျှောက်လဲပေ မယ့် တရားသူကြီးကတော့ အကျဉ်းဦးစီးဌာနဟာ အထူးလိုအပ်ချက်ရှိသူ အကျဉ်းသားတွေကို ထောင်ထဲမှာ ကောင်းကောင်း ထိန်းသိမ်းဖို့ လုပ်ဆောင်ထားတဲ့အပေါ် သူကျေနပ်တယ်လို့ပြောပြီး အဲဒီလျှောက်လဲချက်ကို ပယ်ချတာပါ။

Pistorius ဟာ ပိတ်ထားတဲ့ သူ့အိမ်ရေချိုးခန်းတံခါးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက သေနတ်နဲ့ပစ်တာကြောင့် Steenkamp သေဆုံးသွားတဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့လမှာ စီရင်ချချခံထားရပါတယ်။ သူကတော့ အိမ်ထဲကို ညဘက် လူဝင်နေတယ်လို့ထင်ပြီး ပစ်တာလို့ လျှောက်လဲပါတယ်။

အိုလံပစ်အပြေးသမား Pistorius ဟာ ပိုပြီးပြင်းထန်တဲ့ လူသတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရပေမယ့် Steenkamp ကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့တယ်ဆိုတာ အစိုးရရှေ့နေတွေက သက်သေမပြနိုင်ဘူးလို့ တရားသူကြီး Masipa က ဆုံးဖြတ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment