Thursday, November 6, 2014

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့ အခါလွန်မိုး ရွာသွန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် အခါလွန်မိုးများ ရွာသွန်းနေပြီး ဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက ပိုအားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ပြောင်းသွားပါပြီ။ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့ အနောက်မြောက်ဘက် မိုင် ၃၂ဝ ခန့် ဗီဇဿာပတåနမ်မြို့ အရှေ့တောင်ဘက် မိုင် ၃၇ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်။ မုန်တိုင်းငယ်က အနောက်မြောက်ဘက်ကို ဦးတည်နေတဲ့အတွက် အိန္ဒိယနိုင်ငံကို ဝင်ရောက်ဖို့ရှိတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

“မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးရွာသွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာလည်း နေရာကွက်ပြီး ရွာသွန်းနိုင်ပါတယ်” ဟု မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျရောက်စဉ် မြေပြင် လေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“အခုချိန်မှာ ဖြစ်တဲ့မုန်တိုင်းအချို့က မြန်မာနိုင်ငံကို ဝင်ခဲ့တာတွေရှိတဲ့အတွက် အဲဒီအခြေအနေကိုလည်း စောင့်ကြည့်ရမယ်။ အိန္ဒိယဘက်ကို ဝင်သွားရင်တော့ မိုးရွာတာ လျော့သွားနိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံထဲကို ဝင်ခဲ့ မယ်ဆိုရင် မုန်တိုင်းဖြစ်နေတဲ့ အချိန်အထိ မိုးဆက်လက်ရွာသွန်းနိုင်တယ်။ နောက်နှစ် ရက်သုံးရက်လောက်အထိကို မိုးဆက်လက် ရွာနိုင်တဲ့ အနေအထားရှိတယ်” ဟု မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

လက်ရှိကာလသည် မိုးလွန်ကာလလည်း ဖြစ်သည့်အတွက် မုန်တိုင်းဝင်ရောက်နိုင်သည့် အခြေအနေများလည်း ရှိနိုင်ကြောင်း၊ မုန်တိုင်းရာသီမှာ မိုးကြိုနှင့် မိုးလွန်ကာလ များတွင် အဖြစ်များသော်လည်း ယခုဆယ်စုနှစ်အတွင်း၌မူ ဆောင်းရာသီ ကာလများတွင်လည်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်မှာပိုမိုအားကောင်း နိုင်ကြောင်းနှင့် နိုဝင်ဘာလအတွင်း အဖြစ်များနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၁၈၇၇ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဝင်ရောက်ခဲ့မှုများသည်ဇန်နဝါရီလတွင် နှစ်ကြိမ်၊ ဖေဖော် ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် ၁၅ ကြိမ်၊ မေလတွင် ၂၇ ကြိမ်၊ ဇွန်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် ၁၅ ကြိမ်၊ နိုဝင်ဘာလတွင် ၁၄ ကြိမ်နှင့် ဒီဇင်ဘာလတွင် ကိုးကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

eleven

No comments:

Post a Comment