Monday, December 8, 2014

မဟာဓာတ်အားလိုင်း ချို့ယွင်းသဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်

မြန်မာတစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အားလိုင်း ချို့ယွင်းမှု ဖြစ်ပွားသဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက တစ်နိုင်ငံလုံး လျှပ်စစ်မီး ငါးနာရီကျော် ကြာအောင် ပြတ်တောက်ခဲ့ကြောင်း မြို့နယ်အသီးသီးတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ကျောက်တံခါး မြို့အကြားတွင် ဓာတ်အားလိုင်းစနစ် ချို့ယွင်းခဲ့သဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက် ၄ နာရီခွဲ ဝန်းကျင်မှ ၁၀ နာရီကျော်အထိ လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး ချို့ယွင်းမှုကို ပြန်လည်ပြုပြင်နိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



“အရင်ရက်တွေမှာ ကြာကြာပြတ်တာမျိုး မရှိဘူး။ ခုကလည်း ဓာတ်အားလိုင်းစနစ် ထိခိုက်သွား တာကြောင့်ပါ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

ဓာတ်အားလိုင်းစနစ် System Break Down ဖြစ်သဖြင့် ယာယီပြတ်တောက်ခြင်း ဖြစ်ပြီး ဓာတ်အားလိုင်းများမှာ လယ်ကွင်းနှင့် တောထဲတွင်ဖြတ်၍ တည်ဆောက်ထားသဖြင့် သစ်ကိုင်းကျိုးခြင်း ကဲ့သို ဖြစ်ရပ်များကြောင့်လည်း ဓာတ်အားလိုင်း ထိခိုက်ရကြောင်း အဆိုပါအဖွဲ့မှ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့တော်တွင် ပုံမှန်လျှပ်စစ်မီး ရရှိနေသော်လည်း ယခု ရက်သတ္တတစ်ပတ် အတွင်း လျှပ်စစ်မီး ပြတ်တောက်မှု အချို့လည်း ကြုံတွေ့နေရကြောင်း မြို့နယ်အချို့တွင် နေထိုင်သူများက ပြောဆိုသည်။

ယခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ကလည်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အတွင်းရှိ မဟာဓာတ်အားလိုင်း ချို့ယွင်းသဖြင့် တစ်နာရီခွဲကြာ လျှပ်စစ်မီး ပြတ်တောက်မှု ကြုံတွေ့ခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment