Wednesday, January 28, 2015

ပညာရေးဥပဒေပြင်ဆင်ရန် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်နှစ်ဦး ယနေ့ဆွေးနွေးမည်


 သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရတာဝန်ရှိသူများကြား အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူလိုက်ပြီး ယနေ့ (ဇန်န၀ါရီ ၂၈ရက်)တွင် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားနှစ်ဦး နေပြည်တော်၌တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒာစစ် အောင်တို့ နှစ်ဦးသည် ကျောင်း သားများကိုယ်စား နေပြည်တော် သို့ သွားရောက်ဆွေးနွေးမည် ဖြစ်သည်။

ယနေ့ပြုလုပ်သည့် နေပြည် တော်ဆွေးနွေးပွဲသည် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်း သားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲဖြစ် သည်။



အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သော ကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး၊ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ NNER ၊ ကျောင်းသားသမဂ္ဂ)တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကမ်းလှမ်းသည်။ အဆိုပါကမ်းလှမ်းချက်ကို သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များက အတားအဆီးများ ဖယ်ရှားပေးလျှင် သဘောတူမည်ဟု ဆိုသောကြောင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အတားအဆီးများ ဖယ်ရှားပေးခဲ့ ၍ တောင်သာမြို့သို့ချောမောစွာ ချီတက်နိုင်ခဲ့သည်။  မြင်းခြံတက္က သိုလ်အတွင်းရှိ အလံတိုင်မှ အလံကိုဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံ လွှင့် တင်ခဲ့သည့် အချိန်မှစ၍ အခြေအနေအနည်းငယ် တင်းမာလာပြီး သပိတ်မှောက် ကျောင်းသားများသည် ဇန်န၀ါရီ ၂၇ ရက် ည ၇ နာရီတွင် တောင်သာမြို့ထဲသို့ အောင်မြင်စွာ ၀င်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။‘‘နေ့ခင်းကတည်းက ကျောင်းသားတွေကို လမ်းမှာပိတ်ထားတယ်ကြားလို့ စိတ်ပူနေတာ။ ကျောင်းသားတွေ မြို့ထဲဝင်လာတော့မှ စိတ်အေးသွားတယ်။မြို့ထဲမှာတော့ အကုန်ဝိုင်းကြိုနေတယ်’’ ဟု မြို့ခံ ဒေါ်မြကြည်ကပြောသည်။ မြို့ထဲသို့ ရောက်လာပြီးနောက် ကျောင်းသားခေါင်းဆောင်အချို့က မြို့ခံများကို မိန့်ခွန်းပြောကြားခဲ့သည်။

ကျောင်းသားများ တောင် သာမြို့ထဲသို့ရောက်ရှိချိန်တွင် တောင်သာမြို့ခံ များက‘‘တောင် သာမြို့မရိုင်းကြောင်း’’ ပြသရန် အင်အား တစ်ထောင်ကျော်ဖြင့် သပြေခက်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြောင်း 7 Day  သတင်း ထောက်က သတင်းပေးပို့သည်။

နေပြည်တော်တွင် ဆွေးနွေး နေစဉ် အချိန်အတွင်း သပိတ် မှောက် ကျောင်းသားများသည် ၎င်းတို့ မူလစီစဉ်ထားသည့် အတိုင်း ၀ဲလောင်၊ ကျောက်ပန်း တောင်၊ ပုပ္ပားမြို့များကို ဖြတ် သန်းကာ ဆက်လက်ချီတက် သွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။

‘‘နေပြည်တော်မှာ ညှိနှိုင်းလို့ ကျွန်တော်တို့ရဲ့ တောင်းဆိုထား တဲ့ ၁၁ ချက်အောင်မြင်တယ်ဆိုမှ သာလျှင် ကျွန်တော်တို့ သပိတ် စစ်ကြောင်းကို ရပ်ပြီး ရန်ကုန်ပြန် မှာပါ။ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေလည်း သူ့နေရာ နဲ့ သူပြန်မှာပေါ့။ ကျွန်တော်တို့ ညှိနှိုင်းချက်မရသရွေ့တော့ ဆက် လျှောက်မှာပါ’’ဟု ကိုမင်းသွေး သစ်ကပြောကြားသည်။

သပိတ်မှောက်ကျောင်း သားများအား တောင်သာမြို့သို့ဝင်ရန် နောက်ဆုံး တားဆီးထားသည့် အတားအဆီးကို ဇန်န၀ါရီ ၂၇ ရက် ညနေ ၅ နာရီကျော်တွင် ဖယ်ရှားပေးခဲ့သည်။

ထို့ကြောင့် ကျောင်းသား များ တောင်သာမြို့သို့ ၀င်ခွင့်ရရှိ သွားပြီဖြစ်ပြီး ဇန်န၀ါရီ ၂၇ ရက် ညပိုင်းတွင် တောင်သာမြို့ မုံပင်ဘုန်းကြီးကျောင်း၌ စခန်းချသည်။

ကျောင်းသားများသည် ဇန်န၀ါရီ ၂၇ ရက် နံနက် ၉ နာရီက မြင်းခြံမှ စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ည ၇ နာရီဝန်းကျင်၌ တောင်သာမြို့သို့ ရောက်ခြင်းဖြစ်သည်။

            ကျောင်းသားများချီတက်လာ စဉ်တွင် အဆင့်မြင့်ပညာရေးဦး စီးဌာန(အထက်မြန်မာပြည်) ညွှန် ကြားရေးမှူးချုပ် ဒေါက်တာစိုး ၀င်း၊ မန္တလေး တက္ကသိုလ်ပါမော က္ခချုပ် ဒေါက်တာ မောင်သင်းတို့ ဦးဆောင်သည့် အဖွဲ့က တွေ့ဆုံ  ညှိနှိုင်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံ ညှိနှိုင်းမှုတွင် ဇန်န၀ါရီ ၂၈ ရက် တွေ့ဆုံရန်သာ အဓိက ဆွေးနွေးခဲ့သည်ဟု အဆင့်မြင့်ပညာဦးစီး ဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက ပြောသည်။

‘‘တောင်သာမှာ ညအိပ်ဖို့အ တွက် ကြားကနေ ညှိနှိုင်းပြီးတော့ အခု သူတို့ကို တောင်သာအထိ ကြားကညှိပေးတဲ့ သဘောပါ။ ခု လာနေပါပြီ။ ကျွန်တော်တို့ ရှေ့ က နေပြီးတော့ သူတို့ကို စောင့် ခေါ်နေပါတယ်’’ ဟု ဒေါက်တာ စိုးဝင်းက ပြောသည်။

နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ယနေ့ တွေ့ဆုံဆွေးနွေးရန် သပိတ်မှောက်ကျောင်း သားများဘက်မှ ကိုယ်စားလှယ် နှစ်ဦး တက်ရောက်မည်ဖြစ်ပြီး အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းရုံးအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ထိုသို့ ဆွေးနွေးမည်ဖြစ်သော်လည်း ခရီးရှည်ချီတက်သပိတ်မှောက်သော ကျောင်းသားများကမူ ဆက်လက်ချီတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7 Day daily

No comments:

Post a Comment