Tuesday, January 27, 2015

မန္တလေးမှ ရန်ကုန်မြို့သို့ သပိတ်မှောက်လမ်းလျှောက်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားမှုများ နိုင်ငံအနှံ့ တက္ကသိုလ်များ၌ ပြုလုပ်နေ

မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက်မှုများ ပြုလုပ်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သော လှုပ်ရှားမှုများကို နိုင်ငံအနှံ့တက္ကသိုလ်များတွင် ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက်နှင့် ၂၆ ရက်များတွင် ဒဂုံတက္ကသိုလ်တွင် ဗကသ ကျောင်းသားများ က အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော သရုပ်ပြလှုပ်ရှားမှုများ၊ အခြားကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့နှင့်အတူ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေပါ အမျိုးသားပညာရေးကော်မရှင်၏ အခန်းကဏ္ဍသည် ဗဟိုဦးစီးချုပ်ကိုင်မှု များနေခြင်း၊ ပညာရေးဘတ်ဂျက်အတွက် ရာခိုင်နှုန်း ၂ဝ အသုံးပြုရန် တောင်းဆိုခြင်း၊ လက်ရှိတက္ကသိုလ် ပညာရေး စနစ်၏ လက်တွေ့ပြုလုပ်ရာတွင် အားနည်းမှုများ၊ ကျူရှင်စနစ်များ စသည်တို့ကို ဗကသ ကျောင်းသား ၁ဝ ဦးခန့်က ဒဂုံတက္ကသိုလ် စာသင်ဆောင်များရှေ့ လမ်းမပေါ်၌ ထိုင်လျက် ဟောပြောဆွေးနွေးသည့်ပုံစံဖြင့် ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့နှင့်အတူ ပါဝင်ရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဗကသ ကျောင်းသူများကလည်း အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သော စာတမ်းများကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများထံသို့ ဝေငှခဲ့သည်။

“ကျွန်တော်က သတ္တဗေဒကျောင်းသားပါ။ ကျောင်းမှာ လက်တွေ့လုပ်တယ်။ အခန်းမှာ လူ ၆ဝ ရှိတယ်။ ငါးရံ့ကို ခွဲတယ်။ လူ ၆ဝ အတွက် လက်တွေ့လေ့လာ ဖို့က ငါးရံ့က နှစ်ကောင်ပဲရတယ်။ ကျောင်းသားတစ်ဦးကို ငါးရံ့တစ်ကောင်ခွဲ ဖို့တောင် မစီစဉ်ပေးနိုင်တဲ့ အခြေအနေ။ ဒါက ဥပမာလေးပဲ ရှိပါသေးတယ်။ သုတေသနတို့ လက်တွေ့တို့ မရှိရင် ကျွန်တော်တို့ပညာရေးက ဘာမှဖြစ်မလာဘူး” ဟု အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်နေသော ကျောင်းသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ရန်ကုန်ရှိတက္ကသိုလ်များတွင် လှုပ်ရှားနေမှုများအပါအဝင် မြင်းခြံ၊ ကလေး၊ ထားဝယ်မြို့နယ်ရှိ တက္ကသိုလ်များတွင်လည်း အမျိုးသား ပညာရေး ဥပဒေအပေါ် ဆန္ဒပြမှုများ၊ ကန့်ကွက်လှုပ်ရှားမှုများကို ကျောင်းသား သမဂ္ဂများက ပြုလုပ်ခဲ့ကြသည်။ 

Eleven Media Group

No comments:

Post a Comment