Tuesday, January 27, 2015

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေး ဘတ်ဂျက် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကျော်ကို လစာနှင့်စရိတ် အတွက် လည်းကောင်း၊ တိုက်ခိုက်ရေးအတွက် ၃၃ ရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ဆောက်လုပ်ရေးကဏ္ဍအတွက် ကိုးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် သုံးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ လက်ရုံးဝန်ထမ်းတပ်များအတွက် တစ်ရာခိုင်နှုန်းနီးပါးကို လည်းကောင်း အသီးသီးသုံးစွဲရန် လျာထားသည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။


“အားလုံး ကျပ် ၂၆၁၂ ဘီလျံ ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အားလုံး အသုံးစရိတ်ဖြစ်တယ်။ သို့သော် လစာတိုးဖို့ လျာထားတာရှိတယ်။ လစာတိုးဖို့ လျာထားတာက အားလုံးငွေကျပ် ၁၃၇ ဘီလျံလောက် လစာတိုးဖို့ လျာ ထားတယ်။ ဒါကြောင့်မို့လို့ အားလုံးစုစုပေါင်း ရှိမှာကတော့ ဘီလျံ ၂၇၅ဝ တင်ထားတာရှိတယ်။ ရ၊ မရတော့ မသိသေးဘူး။ မေးတဲ့အားလုံးရဲ့ ၃၃ ရာခိုင်နှုန်းဆိုတာက ကိုယ်တို့က မူလတင်ထားတဲ့ ၂၆၁၂ ဘီလျံ အပေါ်မှာ ၃၃ ရာခိုင်နှုန်း တွက်တယ်။ အဲဒီအတွက် ၂၆၁၂ ကနေ ရာခိုင်နှုန်း ပြန်တွက်ကြည့်လိုက်ရင် အကြမ်းဖျင်းပမာဏ ထွက်လာလိမ့်မယ်။

မူရင်းတင်တာရော၊ လစာတိုးမှာရော ပေါင်းရင် ဘီလျံ ၂၇၅ဝ ဖြစ်သွားတယ်။ ဒါက ကိုယ်တို့တင်တာ ရချင်မှရမယ်။ တိုက်ခိုက်ရေးအသုံးစရိတ်ဆိုတာ သံချပ်ကာ၊ လေယာဉ်၊ အမြောက်၊လက်နက်ခဲယမ်းတို့ ဝယ်ယူတဲ့စရိတ်၊ ထုတ်လုပ်တဲ့စရိတ် ဖြစ်ပါတယ်။ တိုက်ခိုက်ရေးအသုံးစရိတ်က တစ်နှစ်နဲ့တစ်နှစ် သိပ်မကွာဘူး။ တိုးတော့ မတိုးဘူး။ လျော့လည်း မလျော့ဘူး။ စုစုပေါင်း  အသုံးစရိတ်ရဲ့ သုံးပုံပုံတစ်ပုံလောက်ပဲ ဖြစ်မယ်။ အခုလက်ရှိ  RE ထက် အခုတင်ပြမယ့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် BE နဲ့ဆိုရင် တစ်ဘီလျံလောက် လျှော့တင်ထားတယ်။ အခု ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်အထိ သုံးရမှာက ၂၆၁၃ ဘီလျံတော့ ရှိတယ်။ အခုတင်မှာက ၂၆၁၂ ဆိုတော့ အကြမ်းဖျင်း တစ်ဘီလျံ နီးပါးလောက် လျှော့တင်ထားတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။


Eleven Media Group

No comments:

Post a Comment