Monday, January 12, 2015

ရပ်ကွက်ရေပိုက်သွယ်တန်းမှုငွေစာရင်းရှင်းတမ်းပြုလုပ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား


မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်တွင် ရေပိုက်သွယ်တန်း မှုကုန်ကျငွေရှင်းတမ်းပြုလုပ်စဉ် အငြင်းပွားရာမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်နေပြည်သူအချို့ ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ရပ်ကွက်နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ပုတ်ပြတ်စနစ်ရေပိုက်သွယ်တန်းမှု ပြုလုပ်ခဲ့သည့် ကုန်ကျငွေစာရင်းရှင်းလင်းရာတွင် မသမာမှုများရှိနေသည်ဟု ဆိုကာ ရပ်ကွက်နေပြည်သူအချို့က ဆူပူ အော်ဟစ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

‘‘သူတို့ရှင်းတာက ပွင့်ပွင့် လင်းလင်းမရှိဘူး။ ဒါကို အစ်မတို့ က မကျေနပ်တာ။ ကောက်ယူရရှိ ငွေဘယ်လောက်၊ အမှန်တကယ် ကုန်ကျငွေဘယ်လောက်ဆိုတာ ရှင်းရှင်းလင်းလင်းမပြောဘူး’’ဟု အဆိုပါရပ်ကွက်နေအမျိုးသမီး တစ်ဦးက ပြောသည်။


အဆိုပါရပ်ကွက်တွင် ရေ ပိုက်သွယ်တန်းရန် ၂၀၁၄ ဧပြီ လခန့်မှစကာ တစ်အိမ်လျှင်၅၈,၅၀၀ ကျပ်ကို မြေပုံနှင့် ရေမီ တာကြေးအဖြစ် ကနဦးကောက်ခံ ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ပင်မ ပိုက်နှင့် နီးသော အိမ်များအား ပိုက်ဖိုးလုပ်အားခ ကျပ်နှစ် သောင်းထပ်မံကောက်ခံခဲ့သည်။

ပင်မပိုက်နှင့် တစ်ဖက်ခြမ်း အိမ်များကို သုံးလက်မပိုက်ဖြင့် သွယ်တန်းပေးမည်ဟုဆိုကာ ၄၂,၀၀၀ ကျပ် ထပ်ကောက်ကာ ပင်မပိုက်မရောက်သော လမ်းများ အား သုံးလက်မပိုက်နှင့် သွယ် တန်းပေးမည်ဟု သတ်မှတ်ပြီး တစ်အိမ်လျှင် ကျပ် ၆၀,၀၀၀ ကောက်ခံခဲ့သည်ဟုသိရသည်။ ထို့ကြောင့် အိမ်ခြေလေးရာခန့် အတွက် စုစုပေါင်း ကောက်ယူ ရရှိငွေမှာ ကျပ် သိန်းလေးရာခန့်ရှိနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

သို့သော်လည်း အမှန်တ ကယ်သွယ်တန်းရာတွင် ရေသွယ် တန်းသော နေအိမ် ၇၅ ရာခိုင်နှုန်း ကို နှစ်လက်မပိုက်ဖြင့်သာသွယ် တန်းပေးခဲ့သည်ဟုဆိုကာ ရပ် ကွက်သားများက မကျေမနပ်ဖြစ် ခဲ့ကာ ယင်းအတွက် ငွေကြေးသုံး စွဲခဲ့မှု ရှင်းလင်းစွာ ချပြန်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ပုတ်ပြတ်စနစ်ဖြင့် တာဝန်ယူ ရေပိုက်သွယ်တန်း သော မြို့နယ်စည်ပင်ရေသန့် တာဝန်ခံနှင့် ရပ်ကွက်ရေကော်မ တီတို့ ငွေကြေးမလုံလောက်မှု ကြောင့်ဟု ရှင်းလင်းပြောကြားခဲ့ သည်။ သို့သော်အဆိုပါရှင်းလင်း ချက်မှာ ခိုင်လုံတိကျစွာ ဖြေရှင်း ချက်မဟုတ်ဟုဆိုကာ တက် ရောက်ခဲ့သူများက အော်ဟစ်ကန့် ကွက်ခဲ့ကြသည်။

အပြန်အလှန် အော်ဟစ် အငြင်းပွားမှုများဖြစ်နေစဉ် လေ့ လာသူအဖြစ်တက်ရောက်လာ သော မြို့နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖျန်ဖြေ ထိန်းသိမ်းပေးခဲ့သော် လည်း နှစ်ဖက်ပြေလည်မှုမရခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူများ ကပြောသည်။

‘‘အုပ်ချုပ်ရေးမှူးနဲ့ ရေကော် မတီဝင်လူကြီးတွေက အခုဖြေ ရှင်းချက်ကို မကျေနပ်ရင် သူတို့ ကို တရားစွဲ။ တရားခွင်မှာ ပြောမယ်လို့ဆိုတယ်။ အခုတော့ တရား မစွဲသေးဘူး။ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ကို တိုင်မယ်။ အဲဒီကအရေးယူ ဆောင်ရွက်ပေးမှုအပေါ် မူတည် ပြီးမှ တရားစွဲဖို့လိုရင် စွဲမယ်’’ဟု အဆိုပါကိစ္စကို ဦးဆောင်ကန့် ကွက်သူတစ်ဦးဖြစ်သည့် ကိုဇော် ဇော်ဦးကပြောသည်။

ယခုဖြစ်စဉ်မှာ ပုတ်ပြတ် စနစ်ဖြင့် ဆောင်ရွက်သည့် အ တွက် ကောက်ယူရရှိငွေအားလုံးကို စည်ပင်သို့အပ်လိုက်ပြီး ရေသန့်တာဝန်ခံက ချိန်ဆတွက် ချက်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု ၃/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းကပြော သည်။

‘‘ကျွန်တော်က ရပ်ကွက်ထဲ ရေရလို့ ပျော်နေတာ။ အခုလိုတွေ ဖြစ်သွားတော့ စိတ်မကောင်းဘူး။ နားလည်မှုတွေ လွဲပြီး ဖြစ်သွား တာပါ။ သူတို့တရားစွဲမယ်ဆို လည်း စွဲပေါ့။ တရားစွဲရင် ခိုင်လုံ ဖို့တော့ လိုတယ်။ ဒီလိုမှ မဟုတ် ရင် ဘယ်သူ့အတွက်မှ မကောင်း ဘူး’’ဟု ၎င်းကဆက်လက်ပြော ကြားသည်။

‘‘တစ်လမ်း၊ နှစ်လမ်း လောက်ကိုပဲ သုံးလက်မပိုက်ပြန် ပြောင်းပေးဆိုရင်တော့ လက် ကျန်ငွေနဲ့ မလောက်တောင်ကိုယ့် အိတ်ထဲကစိုက်ပြီး လုပ်ပေးသင့် လုပ်ပေးရမှာပါ။ အခုက အားလုံး ပြန်ပြောင်းခိုင်းတော့ ငွေလည်း မလောက်ဘူး။ ဘယ်သူမှလည်း ထပ်စိုက်တော့မှာမဟုတ် ဘူး။ ၀န်ထမ်းဖြစ်နေတော့ တိုင်တာ၊ တရားစွဲတာမျိုးတွေ မရောထွေးချင်ဘူး’’ဟု မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန၊ ရေသန့်တာဝန်ခံ ဦးအောင်ဘညိုက ပြောသည်။

ထိုသို့ အငြင်းပွားမှုများ ကြောင့် ငွေစာရင်းရှင်းတမ်း စည်းဝေးပွဲကို အစီအစဉ်တကျမဟုတ်ဘဲ ရပ်နားလိုက်ပြီး တက်ရောက်လာသော ရပ်ကွက်နေသူများကသက်ဆိုင်ရာသို့ တင်ပြတိုင်ကြားရန် လက်မှတ်များကို အစည်းအဝေး ခန်းမအတွင်း၌ပင် ချက်ချင်းစု ဆောင်းကောက်ယူမှုများပြုလုပ်ခဲ့ သည်။

ငွေစာရင်းရှင်းလင်းပွဲကို အဆိုပါရပ်ကွက်ရှိ ဓမ္မာရုံတွင် ပြု လုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူ တစ်ရာခန့် တက်ရောက်ခဲ့ကြ သည်။


7Day Daily

No comments:

Post a Comment