Sunday, January 25, 2015

တောင်ငူခရိုင်တရားရုံးတွင် ဒုတိယခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအား အဂတိလိုက်စားမှုပုဒ်မဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထား


ပဲခူတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁) ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိပြီး တောင်ငူခရိုင်တရားရုံးတွင် ဒုတိယခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးရွှေအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တရားလိုပြုလုပ်ပြီး တိုင်တန်းသဖြင့် (ပ)၄၃/၂ဝ၁၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် ကနဦး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးချက်အရ ဦးရွှေ(၆ဝ နှစ်၊ (ဘ) ဦးထိုက်စံ)၊ အမှတ် (၆၂) ချမ်းသာလှ ဘုရားအရှေ့ဘက်၊ အောင်သုခရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ (ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားရေးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး) သည် ၎င်းစစ်ဆေးခဲ့ရသည့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် (၂၁/၂ဝ၁၄) အမှုတွင် အမှုအား ပြန်လည်မရုပ်သိမ်းစေရေးအတွက် အမှုသည်ဖြစ်သူ ဦးမြတ်ထွန်း (၅၂ နှစ် (ဘ)ဦးခင်အောင်)၊ တာပွန်လမ်းမင်းကွက် (၃) ရပ်ကွက်၊ ပေါင်းတည်မြို့နေသူ ထံမှ ၂ဝ၁၄ ခုနှစ် မတ် ၁၃ ရက်က ငွေကျပ် ၂၅ သိန်းတောင်းခံခဲ့ရာ ဦးမြတ်ထွန်းမှ အဆိုပါနေ့တွင် ဦးရွှေ၏ ရုံးခန်း၌ ငွေကျပ် ၁၅ သိန်းပေးခဲ့ရကြောင်း၊ ၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်တွင် ပေါင်းတည်မြို့ ရိုးမဘဏ်မှ တောင်ငူရိုးမဘဏ်ခွဲသို့ ဒေါ်အေးအေးခိုင်ဆိုသူမှတစ်ဆင့် ဦးရွှေထံသို့ ငွေကျပ်ငါးသိန်း ထပ်မံလွှဲခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၂ဝ အား ဦးရွှေက လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သောကြောင့် စစ်ဆေးရေးမှူး ဦးမောင်မောင်မြင့် (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ နေပြည်တော်) က ၂ဝ၁၅ ခုနှစ် ဇန်န ဝါရီ ၂၁ ရက် ရက်စွဲပါ တိုင်ကြားစာဖြင့် တောင်ငူမြို့ အမှတ် (၁) ရဲစခန်းသို့ ပေးပို့တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရေးမှူး ဦးမောင်မောင်မြင့်က တရားလိုပြုလုပ် တိုင်တန်းချက်ကြောင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေအား တောင်ငူမြို့ အမှတ် (၁) ရဲစခန်းမှ (ပ)၄၃/၂ဝ၁၅၊ ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ကာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ တရားစွဲဆို တင်ပို့ထားကြောင်း သိရသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေသည် တောင်ငူခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁ဝ ရက်ကလည်း ပြစ်မှု ပုဒ်မ ၃ဝ၂(၂)နှင့် ပြစ်မှုပုဒ်မ ၃ဝ၂(၂)/၃၂၄ တို့ဖြင့် တရားစွဲခံရသူ နှစ်ဦးအား အမိန့်ချမှတ်ခဲ့ရာတွင် ပုဒ်မ ၃ဝ၂ (၂) ဖြင့် တရားစွဲခံရသူအား တရားလိုပြသက်သေ ထွက်ဆိုသူများမှာ သေဆုံးသူ၏ မိသားစုဝင်လေးဦး ဖြစ်သောကြောင့် အကျုံးမဝင်ဟုဆိုကာ အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးအား ပုဒ်မ ၃ဝ၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၃၂၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်သာ ပြစ်ဒဏ်ချမှတ်ခဲ့သောကြောင့် ယင်းအမှုမှ တရားလိုမိသားစုဝင် ရှစ်ဦးခန့်က ဦးရွှေအား ခရိုင်တရားသူကြီးရုံးရှေ့တွင် အော်ဟစ်ဆူပူမှုများ ပြုလုပ်ခြင်းကို ခံခဲ့ရပြီး ရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ တာဝန်ရွှေ့ပြောင်း ခံခဲ့ရသူဖြစ်သည်။

Eleven Media Group

No comments:

Post a Comment