Tuesday, January 27, 2015

ဖားကန့်မြို့ ပန်းခြံအ၀ိုင်းအနီး KIA အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲမှုကြောင့် ဒေသခံ (၂) ဦး ထိခိုက် ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ပန်းခြံအ၀ိုင်းအနီးတွင် ဇန်န၀ါရီလ ၂၆ ရက် နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒေသခံသားအဖ (၂)ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဂျိတ်စီးတီးဟိုတယ်ဘေး ပန်းခြံအ၀ိုင်းအနီးတွင် ဇန်န၀ါရီလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်တွင် KIA အဖွဲ့မှထောင်ထားသောမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံ များဖြစ်သော ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြယ်ကျေးရွာ၊ ရပ်ကွက်(၂)နေ ဦးနော်ဆိုင်း အသက်(၅၄)နှစ်၊ ကချင်/ ခရစ်ယာန်နှင့် သမီးဖြစ်သူ မဆိုင်းပန်၊ အသက်(၁၇)နှစ်၊ ကချင်/ခရစ်ယာန်တို့ သားအဖ (၂)ဦးသည် ဈေးရောင်းပြီး၍ ဆိုင်ကယ်နှင့်ပြန်လာစဉ် ပန်းခြံအ၀ိုင်းအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိ မှန် ဒဏ်ရာ များရရှိကာ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူတစ်ဦးမှပြောပြပါသည်။

ထို့အပြင် ဇန်န၀ါရီလ ၂၆ ရက်နေ့၊ ညနေ(၃)နာရီ ခွဲဝန်းကျင်တွင် လုံခင်းကျေးရွာအုပ်စု၊ ကုဋေမှော်ကျေးရွာ အနီးရှိ ပါဟုတ်ဒူဝါ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းသို့အပေါ်ဘက် ကမ်းပါးယံ မှ KIA အဖွဲ့ဝင်(၂)ဦးမှ ဆိုင်ကယ်တစ်စီးအားမောင်းနှင်လျက် ကုမ္ပဏီ လုပ်ကွက်အတွင်းသို့ ဆိုင်ကယ် ပေါ် မှနေ၍ လက်ပစ်ဗုံး(၁)လုံးအား ပစ်ပေါက်ပြီး ထွက်ပြေးမောင်းနှင်သွားသောကြောင့် ပေါက်ကွဲမှု တစ်ခုဖြစ် ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ KIA အဖွဲ့၏ ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများ အတွင်းသို့ ယခုကဲ့သို့ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲ မှုများကြောင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များနှင့် ၀န်ထမ်း အလုပ်သမားများမှာထိတ်လန့်နေကြကြောင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးမှ လည်း ပြောကြားခဲ့ပါသည်။

ဇော်လတ် (ဖားကန့်)
Kachin Daily News

No comments:

Post a Comment