Wednesday, January 28, 2015

KIA အဖွဲ့အား ရိက္ခာထောက်ပံ့၊ လူသစ်စုပေးနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား အရေးယူပေးပါ


ကျွန်တော်တို့ မော်ဟန်ရွာလေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ တည်ရှိပါတယ်။ ကချင် လူမျိုး အိမ်ခြေ ၈၀၊ တရုတ်လူမျိုး အိမ်ခြေ ၁၁၀ ခန့်နဲ့ ရှမ်းလူမျိုး အိမ်ခြေ ၆၀ ခန့် အားလုံးပေါင်း အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ရွာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျွန်တော်တို့ရွာက လနန်ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်လေး သေဆုံး သွားခဲ့ပါတယ်။ တိုက်ပွဲကြားမှာ လက်နက်ကြီးစ ထိမှန်ပြီး သေရတာဖြစ်လို့ မြင်မကောင်းပါဘူး။ သူဘာကြောင့်အဲဒီလိုအဖြစ်ဆိုးနဲ့ သေရတာလဲဆိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကြောင့်လိုပဲ ပြောချင်ပါတယ်။


ကျွန်တော်တို့ ရွာလေးဟာ အရင်တုန်းက တကယ်အေးချမ်းပြီး နေချင်စရာ အလွန်ကောင်းတဲ့ ရွာလေးဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလလောက် ကစပြီး ရွာအနီးက တောင်ကုန်းမှာ KIA အဖွဲ့ တစ်ဖွဲ့ ရောက်လာပါတယ်။ အဲဒီ အချိန်ကစပြီး ကျွန်တော်တို့ရွာလေးဟာ KIA အဖွဲ့ရဲ့ အနိုင်ကျင့်ခြင်းကို ခံရပါတယ်။ နေ့စဉ်စားစရာထမင်းဟင်းတွေ ကို အလှည့်ကျဆက်သားလွှတ်ပြီး သူတို့ရှိတဲ့ တောင်ကုန်းဆီသွားပို့ ပေးရပါတယ်။ ကျွန်တော်တို့ မော်ဟန်ရွာနည်း တူ မန်ဆန်၊ ဟိုဖျက်ရွာတွေမှာလည်း အဲဒီလို အလုပ်ခံနေရပါတယ်။
ဇန်န၀ါရီ ၂၀ ရက်နေ့က မောင်နောင်ဂျာနဲ့ မောင်လနန်တို့ဟာ မော်ဟန်ရွာကနေ မန်ဆန်ရွာဘက်ကို အတူသွား ရောက်ခဲ့ပါတယ်။

မန်ဆန်ကျေးရွာမှာ မောင်နောင်ဂျာတို့ မိသားစုပိုင်လယ် ၁၀ ဧက နဲ့ တောင်ယာ ၆ ဧက ရှိတဲ့ အတွက် တောင်ယာလုပ်ဖို့ သွားလေ့ရှိပါတယ်။ သူတို့နှစ်ဦး မန်ဆန်ရွာကို ရောက်တဲ့အခါ ကျေးရွာဥက္ကဋ္ဌ ဦးကြွယ် ၀မ်ကန်(ကချင်/ခရစ်ယာန်)က အလှည့်ကျ ဆက်သားအဖြစ် KIA အဖွဲ့ဆီ လွှတ်လိုက်ပါတယ်။
ဒါ့ကြောင့် မောင်နောင်ဂျာနဲ့ မောင်လနန်တို့နှစ်ဦးဟာ ဆန် ၂ ပြည် ၊ ရေ ၂ ဂါလံ ပုံး ၁ ပုံးနဲ့အတူ ပွိုင့် ၁၅၆၃ တောင်ကုန်း မှာနေတဲ့ KIA အဖွဲ့ဆီ သွားပို့ပေးခဲ့ရပါတယ်။ အဲဒီအခေါက်တုန်းက ကံကောင်းထောက်မစွာ ဘာမှမဖြစ်ဘဲ ရွာကို ချောချောမောမော ပြန်ရောက်ခဲ့ကြတယ်။ ဒါ့ပေမယ့် ဇန်န၀ါရီ ၂၂ ရက်နေ့မှာ မော်ဟန်ရွာ ဆက်သားအဖြစ်သွားတဲ့ အခါမှာတော့ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။
သူတို့နှစ်ဦးဟာ မော်ဟန်ကျေးရွာဥက္ကဋ္ဌ ဦးဂန်ဖန်(ကချင်/ခရစ်ယာန်) ရဲ့ စေခိုင်းချက်အရ ဆန်နို့ဆီဗူး ၁၅ ဗူး ချက် ထမင်းနဲ့ ငါးသေတ္တာဗူး ၅ ဗူး ချက်ထားတဲ့ ဟင်းတွေကို သွားရောက်ပို့ဆောင်ပေးခဲ့ရပါ တယ်။ မော်ဟန်ရွာကနေ မနက် ၅ နာရီလောက် သူတို့ထွက်သွားကြ တယ်။ မောင်နောင်ဂျာရဲ့ ပြောပြချက်အရ တောင်ကုန်းပေါ်ကို မနက် ၈ နာရီလောက် ရောက်သွားတယ်။ ထမင်း၊ ဟင်းတွေပေးပြီး ရွာကိုပြန်မလာသေးဘဲ တောင်ကုန်းအနီးနားမှာ ထင်းခုတ် နေခဲ့ကြတယ်။ ညနေ ၄ နာရီ လောက်မှာ တိုက်ပွဲဖြစ်တော့ သူတို့နှစ်ဦးလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။
လနန်က တောင်ကုန်းပေါ်တက်ပြေးပြီး နောင်ဂျာက တောင်အောက်ဆင်းလာခဲ့ကြတယ်။ လနန်ကတော့ ကံဆိုး စွာနဲ့ လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ရရှာတယ်။

မောင်လနန်သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်အပေါ် စွပ်စွဲပုတ်ခတ်သူတွေက ကွတ်ခိုင်ရဲစခန်းကို သွားတိုင်ဖို့ မိသားစုကို တိုက်တွန်းတယ်။ သွားတိုင်တော့ ဖြစ်စဉ်အမှန်စုံစမ်းဖို့နဲ့ လိမ်ညာတိုင်ရင်အရေး ယူခံရမယ်ပြော လို့ ပြန်ပြေးလာကြတာ။ တိုက်ပွဲဖြစ်တာ တပ်မတော်နဲ့ KIA အဖွဲ့ ဖြစ်ပါတယ်။ တပ်မတော်ကို တိုင်ရင် KIA အဖွဲ့ကို လည်း တိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်က KIA ကို ထောက်ပံ့ပေးနေမှတော့ ဘယ် တိုင်ရဲပါ့မလဲ။ တကယ်ဆိုရင် အဲဒီမောင်လနန်လေးဟာ KIA ပစ်လို့သေရတာဆိုပြီး သတင်းအတိအကျရရှိထားတာ ဖြစ်ပါတယ်။
ဒီတော့ အဓိကတရားခံဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ မော်ဟန်ကျေးရွာကို KIA က လူသစ်တောင်းလို့ အုပ်ချုပ်ရေးမှူးက အမည်စာရင်း ၃ယောက် ပေးထားတယ်။ လတန်(၃၀)နှစ်၊ လနွမ်(၂၅)နှစ်နဲ့ လအွမ် (၂၂)နှစ်တို့ ဖြစ်ပါတယ်။ လာမခေါ်သေးလို့သာ ခုချိန်ထိ ရွာမှာ ရှိနေတာ ဖြစ်ပါတယ်။ မောင်နောင်ဂျာဆိုရင် လည်း ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် လူသစ်မလုပ်ခိုင်းသေးတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရွာမှာ ကချင်လူမျိုးအများဆုံး နေထိုင်ကြတာဖြစ်ပေမယ့် အခြားသော ရှမ်းနဲ့ တရုတ်တွေလည်း နေထိုင် ကြပါတယ်။ KIA အဖွဲ့ကို ရိက္ခာတွေ ထောက်ပံ့၊ လူသစ်တွေစုပေးနေ တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဟာလည်း ကချင်လူမျိုးတွေပါပဲ။

အခုအပြစ်မဲ့လူငယ်တစ်ဦးသေဆုံးရပြီ။ နောက်ထပ်လူငယ်တွေရဲ့ ဘ၀ဟာလည်း လုံခြုံမှု မရှိ တော့ပါဘူး။ ဒါ့ကြောင့် KIA အဖွဲ့ကို ရိက္ခာထောက်ပံ့၊ လူသစ်စုပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မတရား အသင်းဆက်သွယ်မှုနဲ့ အရေးယူပေးပါလို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။
မင်းမင်းဦး(ကွတ်ခိုင်)

No comments:

Post a Comment