Friday, January 16, 2015

နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA ခေါင်းဆောင်များ တွေ့ဆုံမည်


နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) ခေါင်းဆောင်များ တွေ့ဆုံ မည်ဖြစ်ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုကို ဇန်နဝါရီလ ၁၈ ရက်နေ့၌ နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။


အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရေး အကျပ်အတည်းတွေကို ကျော်လွန်နိုင်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ပြီလို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်၊ အဲဒီဆွေးနွေးပွဲတွေကို ဒီမိုကရေစီဘက်တော်သား အဖွဲ့တွေကို ပါဝင်ဆွေးနွေးဖို့ ကမ်းလှမ်းဖို့အတွက် NLD ကို တွေ့ဆုံမှာပါ” ဟု ၎င်းကဆိုသည်။

UNA အဖွဲ့ဝင်များနှင့် မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် များ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း ၂၅ ဖွဲ့က ဒီဇင်ဘာလအတွင်း ညီလာခံတစ်ရပ်ကို သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

အဆိုပါ ညီလာခံက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်။

ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို အထောက်အကူပြုနိုင်ရန် အားလုံးက ယုံကြည်လက်ခံနိုင်သည့် တည်ငြိမ်သော နိုင်ငံရေး ပတ်ဝန်းကျင်ကောင်း တစ်ခု တည်ဆောင်သွားရန် UNA ညီလာခံ ဆုံးဖြတ်ချက်အတွင်း ပါရှိသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ကို ၂၀၀၂ ခုနှစ်တွင် ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ သျှမ်း (ရှမ်း) ပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment