Thursday, February 26, 2015

မကွေး (ကံပြား) လမ်းနံဘေး မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ အလောင်းအား စစ်ဆေးရာတွင် ဦးခေါင်းနှင့် ခါး၌ သေနတ်ဒဏ်ရာများ တွေ့ရှိ၍ စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေး

နေပြည်တော် ဥတ္တရသီရိမြို့နယ် မကွေး(ကံပြား)လမ်းဘေး၌ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရှိခဲ့သည့် မီးရှို့အသတ်ဖြတ် ခံထားရသော အမျိုးသမီးတစ်ဦး အလောင်းကို စစ်ဆေးရာတွင် သေဆုံးသူ၏ ဦးခေါင်းနှင့်ခါး၌ သေနတ်ဒဏ်ရာများ တွေ့ရှိရကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းသို့ သေနတ်ဒဏ်ရာများဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့် မီးရှို့အသတ်ခံရသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့် အမှုအား စီအိုင်ဒီမှ လွှဲယူ၍ စစ်ဆေးလျက်ရှိကြောင်း ရဲမှူးကြီးဇော်ခင်အောင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားသည်။

ထို့အပြင် ရဲတပ်ဖွဲ့၏ ကနဦး မှုခင်းမှတ်တမ်းများအရ သေဆုံးသူ ၀တ်ဆင်ထားသော ဆွဲကြိုးနှင့် ဟန်းချိန်းတို့မှာ ဖန်စီပစ္စည်းများ မဟုတ်ဘဲ စိန်ထည် အစစ်အမှန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ ထပ်မံ သိရှိရပြီး သေဆုံးသူ ၀တ်ဆင်ခဲ့သည်ဟုဆိုသော စိန်ထည်ပစ္စည်း ဓာတ်ပုံများမှာ ဖေ့ဘွတ်ခ် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။
“ဖြစ်စဉ်ကတော့ လူမှုရေးကိစ္စကြောင့် ဖြစ်ရတယ်။ ပစ္စည်းကြောင့်တော့ မဟုတ်ဘူးလို့ ယူဆရတယ်။ သေဆုံးသူရဲ့ ခေါင်းနဲ့ခါးမှာ သေနတ်ဒဏ်ရာ တွေ့ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မလိုလားအပ်ဘဲ ရှုပ်ပွမှုတွေ ဖြစ်မှာစိုးလို့ ကျန်တဲ့တွေ့ရှိချက်တွေကို မထုတ်ပြန်သေးတာပါ။ လက်ရှိအချိန်ထိတော့ သေဆုံးသူ အမျိုးသမီးက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မသိရသေးတဲ့အတွက် အခက်အခဲလေးတွေတော့ ရှိပါတယ်” ဟု နေပြည်တော် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြား သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်မကွေး (ကံပြား) ကားလမ်း၊ မိုင်တိုင်အမှတ် ၄/၅ အနီးရှိ ကိုင်းတောစပ်အနီးတွင် မီးလောင်ကျွမ်းထားသော အမျိုးသမီး ရုပ်အလောင်းအား ပက်လက်အနေအထားဖြင့် ဦးခေါင်းထိပ်တွင် ၀ဲဘက်ပေါက်ပြဲဒဏ်ရာ၊ ယာပေါင်နှစ်ဖက်လုံးတွင် အသားစ များအား ခွေးဆွဲထားသည့် ဒဏ်ရာများ၊ ယာဘက်လက်ကောက်ဝတ်တွင် ခွေးများကိုက်ဖြတ်ထားသော ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
ယင်းဖြစ်စဉ်အား နေပြည်တော်အတွင်းရှိ ရဲစခန်းများ အပါအ၀င် တစ်နိုင်ငံလုံးရှိ ရဲစခန်းများသို့ ပေးပို့ထားပြီး လူပျောက်တိုင်ကြားထားမှု ရှိ၊ မရှိ မေးမြန်းနေကာ သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။
အလားတူ အမျိုးသမီးတစ်ဦးအား ရုပ်ပျက်ဆင်းပျက်ဖြစ်၍ လူအားမမှတ်မိအောင် သတ်ဖြတ်ကာ လမ်းဘေးပစ်ထားခဲ့သည့် ဖြစ်စဉ်မျိုး ၂၀၁၃ ခုနှစ်အတွင်း ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ဖူးပြီး အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်၍ ဦးခေါင်းအား တခြားတစ်နေရာ၌ စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအမှု ကျူးလွန်ခဲ့သူအား အချိန်ကြာမြင့်သည်မှ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တက်ရှိန်းနယ်မြေ ရဲစခန်းက (ပ)၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment