Wednesday, February 11, 2015

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ DNA စစ်ဆေးမည်


ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် သိမ်းဆည်းရမိသည့် သက်သေခံ ဆံပင်ချည်များနှင့် ပတ်သက်၍ တိကျသော အဖြေရရှိရန် ပြည်ပနိုင်ငံမှ တတ်သိ ပညာရှင်များ၏ အကူအညီဖြင့် DNA စစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။
“လူသတ်ခံရတဲ့ ဆရာမလေးရဲ့ လက်ထဲက သိမ်းဆည်းရမိတဲ့ ဆံပင်ချည်တွေက အမျိုးသား ဆံပင်လား အမျိုးသမီးရဲ့ ဆံပင်တွေလားဆိုတာ မသိရသေးဘူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ DNA စုံစမ်းဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေတာကြောင့် ပြည်ပက တတ်သိပညာရှင်တွေပါ ဒီအမှုက သက်သေခံ ပစ္စည်းတွေကို ပူးပေါင်း စစ်ဆေးပေးဖို့ အစိုးရက စီစဉ်နေပါတယ်” ဟု ရှမ်းပြည်နယ် မှုခင်းရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က KBC ( ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်) မှ အခမဲ့ ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် လုပ်အား ပေးနေသော အသက် ၁၉ နှစ်အရွယ်နှင့် အသက် ၂၁ နှစ်အရွယ်ရှိသူတို့ နှစ်ဦးကို ၎င်းတို့ နေထိုင်ရာ နေအိမ်အတွင်း အဓမ္မပြုကျင့်ကာ အသတ်ခံရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးရာမှ သေဆုံးနေသူ ကျောင်းဆရာမတစ်ဦး၏ လက်အတွင်း အရှည် ခြောက်လက်မခန့်ရှိ ဆံပင်ချည်များ ဆုပ်ကိုင် ထားသည်ကို တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“ရဲတပ်ဖွဲ့က စစ်ဆေးနေတဲ့ ဆံပင်တွေက ဆရာမလေးရဲ့ ဆံပင်လည်း ဖြစ်နိုင်တာပဲလို့ ယူဆနေသူတွေလည်း ရှိတယ်။ လက်ရှိ တပ်မတော်ဘက်က တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခံပေမယ့် တရားခံ မဖော်ထုတ်နိုင်သေးဘူး။ စစ်တပ်ဘက်က ဒီအမှုမှာ ကျူးလွန်ခဲ့တဲ့ နှစ်ဦးက ကောင်းခါးရွာက နှစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆထားတယ်လို့ ကြားသိရတယ်” ဟု KBC အဖွဲ့ချုပ်မှ ၁၅ ဦးပါ စုံစမ်းရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောဆိုသည်။
အဆိုပါ သတ်ဖြတ်ခံရသော ကျောင်းဆရာမနှစ်ဦး မသေဆုံးခင် အချိန်က ၎င်းတို့နှင့် ရင်းနှီး ပတ်သက်ခဲ့သော ဖော်ယူဂွမ် ဆိုသူနှင့် ကောင်းခါးကျေးရွာတွင် နေထိုင်သူ မာတီးဆိုသူ အမျိုးသားတို့ နှစ်ဦးကို ပြစ်မှုကျူးလွန်ကာ KIA နယ်မြေအတွင်း ထွက်ပြေး တိမ်းရှောင်နေကြောင်း လူမှုကွန်ရက် စာမျက်နှာ ဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ရေးသား ဖော်ပြနေသော်လည်း အမှုမှာ စုံစမ်းနေဆဲ ဖြစ်သောကြောင့် ယင်းသတင်းနှင့် ပတ်သက်၍ KIA တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ အတည်မပြုပေးနိုင်သေးကြောင်း ပြန်လည် ပြောကြားခဲ့သည်။
“ဒီအမှုမှာ ကောင်းခါးရွာအနီး တပ်မတော်စစ်ကြောင်း ရောက်လာချိန်မှာ ဖြစ်တာကြောင့် စစ်တပ်ဘက်က ကျူးလွန်တာလို့ပဲ ယူဆတယ်၊ အခု ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် နေသူတွေက KIA တပ်ဖွဲ့ဝင်တွေဆိုတာ မဟုတ်မှန်ပါဘူး။ KIA တပ်ဖွဲ့ဝင်တွေ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့ဖူးတယ်ဆိုတာ ရာဇဝင်မှာ မရှိခဲ့ဘူး” ဟု ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ဝင် KIA တပ်ဖွဲ့မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူက ပြောဆိုသည်။
စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုကို အမှုမှန် ဖော်ထုတ်နိုင်ရန် မူဆယ် ကချင်နှစ်ခြင်း အသင်းတော်မှ ဓမ္မဆရာ၊ မုံးပေါ် ပြည်သူ့စစ်အဖွဲ့နှင့် ကြူကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် စုံစမ်းရေး ကော်မတီအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က KBC ဌာနချုပ်က အမှုမှန် အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ၁၅ ဦးပါ စုံစမ်းရေး ကော်မတီကို ထပ်မံဖွဲ့စည်းခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ ယင်းအမှုနှင့် ပတ်သက်၍ နောက်ပိုင်း စစ်ဆေးရရှိချက်များကို အဆိုပါ ကော်မတီနှင့် ပူးပေါင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment