Monday, February 9, 2015

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျီစုစက်မှုဇုန် စီမံကိန်း စတင်အကောင်အထည် ဖော်မည်



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ကျီစုစက်မှုဇုန် စီမံကိန်း ဖော်ဆောင်မည့် နေရာတွင် ကျူးကျော်များ ရှိနေခြင်းကြောင့် ၎င်းတို့ကို ဖယ်ရှားခဲ့ပြီး စက်မှုဇုန် စီမံကိန်းအား စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ကျီစုစက်မှုဇုန် ဖော်ဆောင်ရန်အတွက် စက်မှုဇုန်စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက်အတွင်းရှိ ကျူး ကျော်တဲ ၁၄၄ လုံးခန့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ရှိသူများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲအရာရှိများ၊ တာဝန် လက်ပတ်အနီ တပ်ထားသော နေ့စားဝန်ထမ်းများက ဇန်န၀ါရီ ၃၀ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားခံရသည့် မိသားစု ၀င်များမှ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ၊ ငိုယိုတောင်းပန်မှု၊ ဖယ်ရှား သူများနှင့် စကားအချေအတင်များမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျီစုစက်မှုဇုန်ဧရိယာ နယ်မြေအတွင်းရှိ မူလလက်ငုတ် တောင်သူ ၁၉ ဦးကို အစိုးရအဖွဲ့က ကရုဏာကြေးများ ပေးအပ်ခဲ့သည်ဟုလည်း ဆိုသည်။

ကျီစုစက်မှုဇုန်အား ဖော်ဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လုပ်ဆောင်မည့် ကုမ္ပဏီ ရွေးချယ်ခဲ့ရာ KKATH ကုမ္ပဏီက ရရှိ ခဲ့ ကြောင်း၊ ယင်းကုမ္ပဏီက စက်မှုဇုန်စီမံကိန်းကို ဖော်ဆောင်ကာ အကွက်များ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
“စက်မှုဇုန် ဧရိယာမှာရှိတဲ့ ကျူးကျော်တွေလည်း ရှင်းလင်းပြီးပြီဆိုတော့ စက်မှုဇုန်စီမံကိန်း စတင်လုပ်တော့မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျီစုစက်မှုဇုန်သစ်အား မြေ ၁၂၅ ဧကပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။

စက်မှုဇုန်သစ်များ အကောင်အထည်ဖော်ရာတွင် ရေနုတ်မြောင်းစနစ်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်၊ ရေရရှိမှု စနစ်များတွင် အခက်အခဲများ ရင်ဆိုင်နေရကာ ကျီစုစက်မှုဇုန်သစ် ထူထောင်ရာတွင် ယင်းစနစ်များကို ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိစက်မှုဇုန် ၂၉ ခုတွင် စက်ရုံပေါင်း ၄၀၀၀ ရှိပြီး စက်မှုဇုန် အချို့တွင် စက်မှုလုပ်ငန်း လည်ပတ်လုပ်ကိုင်ခြင်း မရှိသော မြေကွက်လွတ် ၂၃၃၉ ကွက်ရှိနေပြီး ၎င်းတို့အား လက်ရှိစိစစ်နေကာ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက နိုင်ငံတော်သို့ ပြန်အပ်ရမည်ဟု ထုတ်ပြန်ထားသည်။ 
Writer: 
ကျော်ထင်

ကျီစုစက်မှုဇုန် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ဒဂုံမြို့သစ်ဆိပ်ကမ်း ၁၆၈ ရပ်ကွက်အတွင်းရှိ ကျူးကျော်တဲများအား ဖယ်ရှားခဲ့မှုကို ဇန်န၀ါရီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်

No comments:

Post a Comment