Saturday, February 14, 2015

အမေရိကန်စစ်သည်များ ရှိနေသည့် လေတပ်စခန်း တစ်ခုအနီးရှိ မြို့တစ်မြို့ကို အိုင်အက်စ်တပ်များ သိမ်းပိုက်



အီရတ် အနောက်ပိုင်းရှိ မြို့တစ်မြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်များ ရှိနေသည့် လေတပ်စခန်း တစ်ခု၏ လုံခြုံရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အိုင်အက်စ် တပ်များသည် အယ်လ်ဘဂ္ဂဒက်ဒီမြို့၏ (၉၀)ရာခိုင်နှုန်းမျှကို ထိန်းချုပ်ထားလိုက်ပြီဟု သိရသည်။ အဆိုပါမြို့သည် စစ်ရေးအရ အချက်အခြာကျသည့် အန်ဘာခရိုင်အတွင်း ရာမာဒီမြို့ အနောက်မြောက်ဘက် မိုင်(၅၀)မျှ အကွာတွင် တည်ရှိသည်။ ထို့အပြင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ရာဂဏန်းမျှ တပ်စွဲထားပြီး အီရတ်စစ်သည်များကို လေ့ကျင့်ပေးနေသည့် လေတပ်စခန်း တစ်ခုနှင့်လည်း မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
အယ်လ်ဘဂ္ဂဒက်ဒီကို လအနည်းငယ်မျှ ကြာသည်အထိ ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများက ဝန်းရံ ပိတ်ဆို့ထားပြီးနောက် ယခုအခါ မြို့၏ အစိတ်အပိုင်း အားလုံးနီးပါး အိုင်အက်စ်တို့လက် ကျရောက်သွားခြင်း ဖြစ်သည်။ အိုင်အက်စ် တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ အီရတ် အနောက်ပိုင်းရှိ ဒေသအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် သိမ်းပိုက်လာနိုင်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသော အိုင်အက်စ် တပ်များသည် ဖေဖော်ဝါရီ ၁၂ ရက်က အယ်လ်ဘဂ္ဂဒက်ဒီမြို့ကို စစ်ကြောင်းနှစ်ခုဖြန့်ကာ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း အီရတ် ထောက်လှမ်းရေး ဌာနက ပြောကြားခဲ့သည်။

ထို့နောက်တွင်မူ အခြားစစ်သွေးကြွ တပ်ဖွဲ့ခွဲ တစ်ခုက မြို့၏ အနောက်တောင်ဘက် (၅)ကီလိုမီတာခန့်တွင် တည်ရှိပြီး အစောင့်အကြပ် ထူထပ်စွာ ချထားသည့် အိန်းအယ်လ်အာဆာ့ဒ် လေတပ်ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း လေတပ်စခန်းထဲ ဝင်ရောက်နိုင်သည်အထိမူ အိုင်အက်စ် တပ်များ အနေဖြင့် မစွမ်းဆောင်နိုင်ခဲ့ချေ။
အဆိုပါ စစ်စခန်းထဲတွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် (၃၂၀)ခန့်နှင့် အီရတ် အမှတ်(၇) တပ်မမှ စစ်သည်များ တပ်စွဲနေရယူထားသည်။ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သူ ရေတပ် ဦးစီးမှူး အဲလစ်ဆာစမစ်သ်က အယ်လ်ဘဂ္ဂဒက်ဒီတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
သူမက လေတပ်စခန်းကို တိုက်ရိုက်ကျကျ ထိုးနှက်တိုက်ခိုက်လာမှု မရှိသေးသော်လည်း စစ်စခန်း၏ ပတ်ဝန်းကျင် ဧရိယာတွင် တိုက်ခိုက်ခံရမှုအချို့ ရှိခဲ့ကြောင်း ဆိုသည်။ အန်ဘာဒေသ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အီရတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ငြင်းဆန်ထားသည်။
အယ်လ်ဘဂ္ဂဒက်ဒီတွင် မြို့ခံအစောင့်တပ်ဖွဲ့ အချို့နှင့် အိုင်အက်စ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း အသေအပျောက် ပမာဏကို လတ်တလောတွင် ခန့်မှန်း၍ မရနိုင်သေးကြောင်းလည်း သိရှိရသည်။
7Day

No comments:

Post a Comment