Thursday, February 12, 2015

လောက်ကိုင်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ လားရှိုးအထိ ထွက်ပြေးတိမ်းရှောင်





ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ လားရှိုးမြို့အထိ ထွက်ပြေး တိမ်းရှောင်လာကြောင်း မန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တ ပုညနန္ဒက ပြောကြားသည်။
“မနေ့တည်းက စစ်ရှောင်ပြည်သူတွေ တဖွဲဖွဲရောက်လာတယ်။ ဝန်ထမ်းတွေရော ဒေသခံတွေပါ ပါတယ်။ တစ်ချို့က ဒီမနက်မှာ နေရပ်အသီးသီးကို ပြန်သွားကြပြီ၊ တစ်ချို့လည်း ထပ်ရောက်လာနေတုန်းပဲ။ တရုတ်နှစ်သစ်ကူး အထိ ဆက်တိုက်မယ်လို့ ကိုးကန့် လက်နက်ကိုင်တွေဘက်က ခြိမ်းခြောက်တဲ့ သတင်းတွေ ထွက်နေတဲ့အတွက် တစ်ချို့က မပြန်ရဲကြဘူး” ဟု ဆရာတော်က ဆိုသည်။
လက်ရှိအချိန်အထိ၌ မန်ဆူဘုန်းကြီးကျောင်းတွင် စစ်ရှောင်ပြည်သူ ၁၀၀ ခန့်ရှိနေပြီး စားရေးသောက်ရေး အတွက် လားရှိုးမြို့ရှိ အဖွဲ့အစည်းများမှ လာရောက်လှူဒါန်းမှုများ ရှိကြောင်း သိရသည်။
“ ငြိမ်သက်လောက်ပြီထင်လို့ လောက်ကိုင်ကို ပြန်တာ လမ်းမှာတင် တိုက်ပွဲတွေဖြစ်နေလို့ ကြောက်လို့ ပြန်ပြေးလာတာ။ မြို့ထဲမှာလည်း ဖြစ်နေတယ် လောက်ကိုင် အနီးတဝိုက်မှာလည်း ဖြစ်နေတယ်။ နားတီးဒေသမှာလည်း ဖြစ်တယ်။ စစ်သားတွေ သေတာရှိတယ်။ တရုတ်လူမျိုးတွေ အကုန်လုံးက တရုတ်ပြည်မကြီးကို ပြေးကြပြီ။ စစ်တပ်က ဒေသခံတွေကို ကာကွယ်ထားတယ်ခင်ဗျ၊ ဒါပေမယ့် မနေရဲတော့ဘူး။ တရုတ်နှစ်သစ်ကူးအထိ တိုက်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေလို့ပါ” ဟု လောက်ကိုင်မြို့မှ ထွက်ပြေး တိမ်းရှောင်လာသူ ကြံခုတ်တောင်သူ ကိုမြင့်ဇော်က The Voice သို့ ပြောကြားသည်။
လောက်ကိုင်-လားရှိုး ပုံမှန်ကားခမှာ ခုနစ်ထောင်ကျပ် ဖြစ်သော်လည်း ယခု ထွက်ပြေးလာချိန်၌ ငါးသောင်းမှ တစ်သိန်းကျပ်အထိ ပေးခဲ့ကြရကြောင်း ၎င်းတို့ထံမှ သိရသည်။
“ကားခ မတတ်နိုင်တဲ့လူတွေနဲ့ ကားခရှိပေမဲ့ ပြေးဆွဲတဲ့ကား မရှိတော့လို့ အထုတ်အပိုးနဲ့ ခြေလျင် လာနေရတဲ့လူတွေ နောက်မှာ ထောင်သောင်းချီပြီး လာနေကြတာရှိတယ်” ဟု တိမ်းရှောင်လာသူ တစ်ဦးကဆိုသည်။
ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းဆရာ ၊ ဆရာမများလည်း လားရှိုးမြို့သို့ရောက်နေပြီဖြစ်ပြီး လောက်ကိုင်အထူးဒေသ တရားရုံး တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၊ တရားရုံး ဝန်ထမ်းများလည်း ရောက်နေကြကြောင်း လားရှိုးခရိုင် တရားရုံးထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment