Monday, February 2, 2015

ခြောက်ပွင့်ဆိုင် ပေါ်ပေါက်ရေး၊ သူလျှော့ ကိုယ်လျှော့


အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ကာလတုန်းက ပြည်ထောင်စု လွှတ်တော်ဟာ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ သမ္မတကို တိုက်တွန်းတဲ့ အဆို တစ်ခုချမှတ်ခဲ့ပါတယ်။ ၁၂ ကြိမ်မြောက် အစည်းအဝေး စတင်နေပြီဖြစ်တဲ့ အခုအချိန်မှာတော့ အဲဒီအဆိုနဲ့ ပတ်သက်ပြီး သမ္မတဘက်က လွှတ်တော်ကို အကြောင်းပြန်တာ၊ အဲဒီအကြောင်းပြန်ချက်အပေါ် လွှတ်တော် နာယက သူရဦးရွှေမန်းက ပြန်လည်သဝဏ်လွှာပေးပို့တာလုပ်ခဲ့ပြီး ဖြစ်သလို အခုနောက်ပိုင်း ခြောက်ပွင့်ဆိုင်မလုပ်ရင် ဘာဖြစ်လာနိုင်သလဲဆိုပြီး သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုတာရှိလာပါပြီ။ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့နောက်ဆုံး သဘောထားကို ဖေဖော်ဝါရီ ၁ ရက် ပြည်သူတွေကိုပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပြန်ပါပြီ။ ဒါနဲ့ပတ်သက်ရင် ပြည်သူတွေ နည်းနည်းခေါင်းရှုပ်စပြုလာပါပြီ။ ဒီကနေ့ ခြောက်ပွင့်ဆိုင်ကိစ္စ ဘာဖြစ်နေသလဲ၊ ဘာဆက်ဖြစ်လာနိုင်မလဲ လေ့လာကြည့်ကြရအောင်ပါ။


ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာဟာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြဖို့ဖြစ်ပါတယ်။ အဲလို ခြောက်ပွင့်ဆိုင်တွေ့ဖို့ တောင်းဆို တာကို အစောပိုင်းမှာ သမ္မတဘက်က ဘာမှမတုန့်ပြန်ပါဘူး။ ၁၄ ယောက်တွေ့ဆုံပွဲ တစ်ကြိမ်လုပ်ပြီး နောက်ပိုင်း ၄၈ ယောက်ပါတဲ့ တွေ့ဆုံပွဲတစ်ခု လုပ်ပြခြင်းနဲ့ တုန့်ပြန်ပါတယ်။

၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး စတဲ့အခါကျမှသာ ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်ကို ကြိုဆိုတဲ့အကြောင်း၊ ဒါပေမယ့် ဒီထက်ကျယ်ပြန့်ဖို့တော့ လိုမယ်ထင်တဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ ဘာဆက်လုပ်သင့်သလဲဆိုတာ အကြောင်းပြန်ပေးဖို့ဆိုပြီး လွှတ်တော်ကို သဝဏ် လွှာပို့ပါတယ်။ ဒီအခါ လွှတ်တော်နာယက သူရဦးရွှေမန်းက ခြောက်ပွင့်ဆိုင်တွေ့ဆုံဖို့ဆိုတာဟာ လွှတ် တော်ကဆုံးဖြတ်တာဖြစ်တဲ့ အတွက် တွေ့ဆုံပွဲဖြစ်ဖို့ကိုပဲ ဆောလျင်စွာ ဆောင်ရွက်ပါဆိုပြီး အကြောင်း ပြန်လိုက် ပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၃ဝ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော် နာယက သူရဦးရွှေမန်းက တွေ့ဆုံပွဲလုပ်ဖို့ အဆိုကို ဆုံးဖြတ်တဲ့ ပြည်ထောင်စုလွှတ်တော် ဆိုတာဟာ တိုင်းပြည်မှာ အမြင့်ဆုံးလွှတ်တော်ဖြစ်တဲ့အကြောင်း၊ အဲဒီအဆိုကို သူလွှတ်တော်နာယက ကိုယ်တိုင် လည်းလိုက်နာရမှာဖြစ်တဲ့အကြောင်း၊ မလိုက်နာရင် တစ်ခုခုသော ဥပဒေကိုချိုးဖောက်ရာ ရောက်မယ် ဆိုတဲ့အကြောင်း သမ္မတဦးသိန်းစိန်ကို သွယ်ဝိုက် သတိပေးစကား ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ပြည်သူကိုပြောတဲ့ မိန့်ခွန်းမှာတော့ သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ရပ်တည်ချက်ကို နောက်တစ်ကြိမ်ထပ်ပြီး ပြောပါတယ်။ လွှတ်တော်ကပြောတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ကိစ္စ မငြင်းဘူး၊ ဒါပေမယ့် တွေ့ဆုံမှုကို ပုံစံအမျိုးမျိုးနဲ့လုပ်မယ်၊ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆက်ပြီးဆုပ်ကိုင်ထားတယ်ဆိုပြီး ပြောလိုက်ပြန်ပါတယ်။ အဓိပ္ပာယ်ကတော့ ခြောက်ပွင့် ဆိုင်တွေ့ရေး၊ မတွေ့ရေး မသေချာသေးပါဘူး။

တကယ်တော့ ဒီ့မတိုင်ခင်ကာလကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆင် ပြေချောမွေ့စေရေးအတွက် လေးပွင့် ဆိုင်တွေ့ဆုံရေး တောင်းဆိုထားခဲ့ပြီဖြစ်ပါတယ်။ အခု လွှတ်တော်က တောင်းဆိုရတဲ့ အဓိကအချက်ကလည်း ဖွဲ့စည်းပုံ ၂ဝဝ၈ ပြင်ရေး အဆင်ပြေချောမွေ့စေဖို့လို့ ဆိုပါတယ်။ လက်တွေ့လွှတ်တော်ထဲ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေးဆိုတာ လုံးဝအဆင်မပြေပါဘူး။ ပါတီတွေနဲ့ တပ်မတော်သားအမတ်တွေ ကိုယ်လိုချင်တာ ကိုယ်တင်ပြထားတဲ့ အနေအထားပါ။ တိုင်းပြည်အတွက် တကယ့်အရေးကြီးတဲ့ သမ္မတရွေးချယ်ပုံ၊ သမ္မတအရည်အချင်း၊ ပြည်နယ် အခွင့်အရေးဆိုင်ရာ ကိစ္စပြင်ဆင် ဖို့ကိစ္စမှာ တပ်မတော်ဘက်က လုံးဝမပြင်ချင်ဘူးလို့ ဆိုထားပါတယ်။ ပြည်ခိုင်ဖြိုးကတော့ အခြေအနေ ကြည့်ပြီးလုပ်မယ်လို့ ဝါးတားတားသဘောထား ပေးထားပါတယ်။ အင်န်အယ်လ်ဒီကတော့ အလွန့်အလွန် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ အပါအဝင် ပုဒ်မအများကြီးကို ပြင်ချင်တယ်လို့ တင်ပြထားပါတယ်။

ဖွဲ့စည်းပုံပြင်ရေးကို ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆက်လုပ်သွားမယ်ဆိုရင် ဘယ်လိုအရေးကြီးတဲ့ အချက်တစ်ချက်တစ်လေကိုမှ ပြင်နိုင်မှာမဟုတ်ပါဘူး။ ဒီအတိုင်း ဇာတ်မျောသွားဖို့ ရှိနေပါတယ်။ သမ္မတနဲ့ တပ်ချုပ်ကတော့ သူတို့ရဲ့မိန့်ခွန်းတိုင်းမှာ အဲလိုပြောဆိုနေတာ တွေ့ရပါတယ်။ အဲလို အဓိကကျတဲ့ အချက် တွေကိုမှ မပြင်နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သလို၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလည်း မဖြစ်နိုင်တော့ပါဘူး။ ဒါတင်မက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဆိုတာဟာလည်း တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်တော့မှာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် အဘက်ဘက်က ဆိုးကျိုးတွေပဲ ဖြစ်လာမယ့် အနေအထားပါ။ ဒါကြောင့် လေးပွင့်ဆိုင် ဒါမှမဟုတ်ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတယ်လို့ ခံယူကြတာဖြစ်ပါတယ်။

ဒီအတွက် သမ္မတနဲ့ တပ်ချုပ်ဘက်က တိုင်းပြည်အကျိုးအတွက်၊ တိုင်းရင်းသားပြည်သူတွေ အကျိုးအတွက် တွေ့ဆုံဆွေးနွေးပွဲကို လက်ခံသင့်ပါတယ်။ ခုလို အကြောင်းအမျိုးမျိုးပြပြီး တကယ်စစ်မှန်တဲ့ တွေ့ဆုံဆွေး နွေးပွဲကို ရှောင်လွှဲနေတာမျိုး ဆက်လုပ်ဖို့မသင့်တော့ပါဘူး။ ရဲရဲရင်ဆိုင်သင့်ပါတယ်။ သူရဦးရွှေမန်းဘက် ကလည်း သူဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ဖွဲ့စည်းပုံထဲက တကယ့်အဓိကကျတဲ့ အချက်တွေကိုပြင်ဖို့ အဆင်သင့်ပါပဲဆိုပြီး တိုင်းပြည်ကို အတိအလင်းကတိပေးဖို့လိုပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစု ကြည်ဘက်ကလည်း တပ်မတော်ကို စစ်တန်းလျား ပြန်ပို့မယ့် ပုဒ်မ ၄၃၆ ပြင်ရေးအစား၊ တိုင်းပြည် အတွက် လတ်တလောလိုအပ်နေတဲ့ အဓိကကျတဲ့အချက်တွေပြင်ဖို့ သမ္မတ၊ တပ်ချုပ်၊ ပြည်ခိုင်ဖြိုးခေါင်း ဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင် လုပ်ကိုင်သွားမယ်ဆိုတာမျိုး ပြောင်းလဲတင်ပြသင့်ပါတယ်။

ပြောရရင် ဘက်အားလုံးက အလျှော့အတင်း အပေးအယူလုပ်ကြရမှာပါ။ ဒီလိုမလုပ်နိုင်ကြဘူးဆိုရင်ဖြင့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမှာမဟုတ်သလို၊ ဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ အချက်တွေကိုလည်း ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးနည်းဖို့ပဲရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Mizzima

No comments:

Post a Comment