Sunday, February 8, 2015

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသော ဒေသခံရွာသားများထံ RCSS/SSA အဖွဲ့မှ ဆက်ကြေးကောက်ခံ



ရှမ်းပြည်နယ်၊ ခိုလမ်မြို့နယ်ခွဲ၊ ခိုအွတ်ကျေးရွာအုပ်စု၊ လွယ်ဖီးကျေးရွာသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ ရောက်ရှိလာပြီး အိမ်သုံးထော်လာဂျီ အသေးတစ်စီးလျှင် ၂၅၀၀၀ ကျပ်၊ ဆန်စက်အသေးတစ်လုံးလျှင် ၂၅၀၀၀ ကျပ်နှင့် တစ်ခြားလုပ်ငန်းသုံးပစ္စည်း အသေးအကြီးအလိုက် နှုန်းထားများ သတ်မှတ်ပေးပြီး ကောက်ခံနေကြောင်း ယင်းဒေသခံရွာသားများထံမှ သတင်းရရှိပါသည်။
“ကျွန်တော်တို့ရွာက RCSS/SSA အဖွဲ့ရဲ့ လက်အောက်မှာ ရှိတယ်တဲ့။ လုပ်ငန်းလုပ်ကိုင်တာနဲ့ပတ်သက်ပြီး သူတို့နဲ့ သက်ဆိုင်တယ်တဲ့။ ဒါကြောင့် ဆက်ကြေးပေးသွင်းရမယ်ဆိုပြီး သူတို့က ပြောတယ်” ဟု ဒေသခံရွာသားတစ်ဦးမှ ပြောသည်။

အဆိုပါ ကျေးရွာသည် RCSS/SSA အဖွဲ့မှ နှစ်စဉ်နှစ်တိုင်း ဆက်ကြေးများ လာရောက် ကောက်ခံလျက်ရှိပြီး သတ်မှတ်ထားသော ဆက်ကြေးများ မပေးသွင်းနိုင်ပါက အသက်အန္တရာယ်များ စိုးရိမ်ရကြောင်း ခိုလမ်မြို့ခံတစ်ဦးမှ အတည်ပြု ပြောကြားသည်။
RCSS/SSA အဖွဲ့သည် ဒေသခံရွာသားများအပြင် ထိုဒေသဖွံ့ဖြိုးမှုအတွက် လာရောက်လုပ်ကိုင်နေသော လုပ်ငန်းရှင်များကိုလည်း ဆက်ကြေးကောက်ခံမှုများ ရှိနေကြောင်း သိရှိရပါသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးများ ဆွေးနွေးနေသော်လည်း ဒေသခံများနှင့်လုပ်ငန်းရှင်များအပေါ် ဆက်ကြေးများ ကောက်ခံခြင်း၊ လူသစ်များ အတင်း အဓမ္မစုဆောင်းခြင်းများ ဆက်လက်လုပ်ဆောင်နေမှုများသည် ငြိမ်းချမ်းရေး ပျက်ပြားစေနိုင်သော အချက်ဖြစ်သည်ဟု ခိုလမ်မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြား သွားသည်။
နန်းလောင်ခမ်း

No comments:

Post a Comment