Sunday, March 22, 2015

ရေယာဉ်နစ်မြုပ်မှု ရှာဖွေရေး လုပ်ငန်းများ ယာယီရပ်ဆိုင်း



အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ ညက နစ်မြုပ်ခဲ့ရာမှာ ကယ် ဆယ်ရေး ဆောင် ရွက်နေကြစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေ ကို ပြည်နယ်အစိုးရက ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ ရေယာဉ်ပေါ် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေ မရှိတော့ဘူးဆိုတာကို ကူညီကယ် ဆယ်ရေးအဖွဲ့တွေနဲ့ ရွာခံတွေဆီက အတည်ပြုချက်ရယူပြီး ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

"ရုပ်အလောင်းတွေ မရှိနိုင်တော့ဘူးဖြစ်တဲ့အတွက် လူကိုတော့ထပ်မရှာ တော့ဘူး၊ ပစ္စည်းတွေကိုတော့ သူတို့ဘာသာ ထုတ်မယ့်အစီအစဉ် ကိုတော့ နောက်တစ်မျိုးစီမံမှာပေါ့၊ ရက်က လည်း တော်တော်ကြာ လာပြီ၊ နောက် အဲ့မှာ လည်း လှိုင်းနဲ့လေနဲ့ဆိုတော့၊ နောက်ပြီးတော့ကိုယ်တို့ကလည်း အစိုးရတစ်ရပ် အနေနဲ့ အပြောအဆိုမခံချင်ပါဘူး၊ လူထုကလည်း တောပြော တောင်ပြောဆိုတော့ နောက်ဆုံး ကိုယ်တို့ ဆီက မဆုံးဖြတ်ဘူး၊ ဓူဝံကြယ်က ငှားတဲ့အရပ်သားရေငုပ်သမားတွေနဲ့ ရွာသူရွာသားတွေ ရဲ့လက်မှတ်တွေ မှာ ယူပြီးတော့မှ ယာယီရပ်ဆိုင်းခြင်းဖြစ်ပါတယ်၊

စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ဒီနေ့ဘဲ အပေါ်ကိုတင်ပါ့မယ်၊ အားလုံးလည်း ကိုယ်တို့စီစဉ်ပြီးပါပြီ၊ ကိုယ်တို့ အစိုးရဘက်ကတော့ လုပ်သင့်လုပ်ထိုက် တာကို အားလုံးလုပ်ပြီးသွားပါပြီ"

နစ်မြုပ်ရေယာဉ်ရဲ့ ယာဘက်နဲ့ ဘယ်ဘက်အခန်းတွေကို အထပ်သားတွေနဲ့ တည်ဆောက်ထားတာကြောင့် လူသေ အလောင်းတွေမကျန်အောင် နှစ်ဘက်စလုံးက အခန်းတွေကို ဖွင့်လိုက်ပြီးဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အစိုးရဘက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းလိုက် ပေမယ့် အရပ်ဘက်ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ပင်လယ်ပြင်ထဲ မျောပါနေ တဲ့ ရုပ်အလောင်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ရှာဖွေ နေကြ ဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ညက အောင်တံခွန် အမှတ်(၃)ရေယာဉ်ဟာ တောင်ကုတ်မြို့ကနေ စစ်တွေမြို့ ကို လူ ၂၀၀ ကျော်တင်ဆောင်ခုတ်မောင်း လာ ရာ မြေပုံမြို့နယ် နောင်တော်မြစ်အတွင်းမှာ နစ်မြုပ်ခဲ့ တာဖြစ်ပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ အဲဒီအထဲက လူ ၁၆၉ ဦးကို ကယ်တင်နိုင်ခဲ့ သလို သေဆုံးသူ အရေအတွက်ကတော့ ဒီနေ့အထိ ၆၃ ဦးရှိပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

RFA Burmese

No comments:

Post a Comment