Tuesday, March 31, 2015

ပြည်တွင်း၌ ကြက်မွေးမြူရန် မြေနေရာ ရရှိမှုသည် အခက်ခဲဆုံး ဖြစ်



လက်ရှိပြည်တွင်း၌ ကြက်မွေးမြူရေး လုပ်ကိုင်ရာတွင် မြေနေရာ အခက်အခဲများ ရှိသောကြောင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မည်ကဲ့သို့ အခက်အခဲများ ရှိသည်ကို သိရှိစေရန် မြန်မာ့ကြက် မွေးမြူရေး အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှလှသိန်း အား တွေ့ဆုံ မေးမြန်းခဲ့ပုံကို ဖော်ပြ ပေးလိုက်ပါသည်။
လက်ရှိမှာ ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့ အသားတိုး ကြက်တွေ မွေးမြူဖို့ အခက်အခဲ ရှိနေတယ်ဆိုတာ ဟုတ်ပါသလား။

ကြက်မွေးမြူသူတွေ အနေနဲ့ အရေးကြီးဆုံးနဲ့ တကယ်အခက်အခဲ ဖြစ်နေတာက ရန်ကုန်မြို့တွင်းမှာ ကြက်မွေးမြူဖို့ အတွက် မြေနေရာ ရရှိဖို့ပါပဲ။ လက်ရှိအချိန်မှာ ဆိုရင် ကြက်မွေးမြူသူတွေ အနေနဲ့ မြေနေရာရဖို့ တော်တော် ရုန်းကန်နေရတယ်။ ဒါကြောင့် ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေက လူတွေနဲ့လည်းဝေးပြီး မြို့ပြင်ဖြစ်တဲ့ ရွာတွေမှာ သွားမွေးမြူကြတယ်။ ရွာသူရွာသားတွေကလည်း အနံ့နံတယ်ဆိုပြီး တိုင်ကြားမှုတွေ ပြုလုပ်လာတာကြောင့် ကြက်မွေးမြူ မှု ပြုလုပ်တဲ့ သူတွေက နောက်ဆုံး လယ်မြေတွေမှာ ပြောင်းပြီး မွေးမြူဖို့ ပြုလုပ်လာကြပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ ကြက်မွေးမြူတဲ့အခါ အခက်ခဲဆုံးက မြေနေရာ ရရှိဖို့ပါပဲ။
လယ်မြေတွေမှာ ကြက်မွေးမြူရေး လုပ်ငန်းလုပ်တဲ့ အခါမှာရော အဆင်ပြေမှု ရှိရဲ့လား။
ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့ လယ်မြေတွေမှာ ကြက်မွေးမြူဖို့ အတွက် လယ်မြေကို မွေးမြူရေးမြေ အဖြစ် ပြောင်း လဲ လျှောက်ထားတဲ့အခါ တချို့ကတော့ ခွင့်ပြုပြီး မွေးမြူခွင့် ရသွားကြတယ်။ တချို့ကျတော့ အဆင်မပြေမှုတွေ ရှိတယ်လို့ ကြားရပါတယ်။
တခြားမွေးမြူရေး သမားတွေရော မြေနေရာ အခက်အခဲရှိလား။
ကြက်မွေးမြူရေး သမားတွေချည်းပဲ မြေနေရာ အခက်အခဲ ဖြစ်တာ မဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ တခြားမွေးမြူရေး သမားတွေ အားလုံး မွေးမြူရေး လုပ်ဖို့အတွက် မြေနေရာရဖို့ အခက်အခဲ ရှိနေတာပါ။ ကြက်မွေးမြူရေး လုပ်တဲ့သူတွေ အနေနဲ့ ကြက်မွေးဖို့ မြေဧက ၁ဝဝ လောက်မလိုပါဘူး။ ၁ဝ ဧကလောက်ပဲ လိုတာပါ။
အနာဂတ်မှာ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်တွင်း ကြက်မွေးမြူရေး ကဏ္ဍကို ဝင်ရောက် ရင်းနှီးမြှုပ်နှံလာတဲ့ အခါမှာ ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေ အနေနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ပါ့မလား။
အနာဂတ်မှာ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ ကြက်မွေးမြူရေး လာရောက်လုပ်ကိုင်တဲ့ အခါ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့နဲ့ ယှဉ်ပြိုင်ပြီး ဈေးကွက်လုဖို့ဆိုတာ ကျွန်မတို့မှာရှိတဲ့ တာဝန်ရှိသူတွေကလည်း ပြည်တွင်းက ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေကို ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ အဲဒီလိုသာ တာဝန်ရှိသူတွေက ပြည်တွင်းကြက်မွေးမြူရေး လုပ်ငန်းရှင်တွေကို ပူးပေါင်း ကူညီပေးမယ်ဆိုရင် ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပက ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေကို ယှဉ်ပြိုင်နိုင်မှာပါ။
ပြည်သူတွေက လက်ရှိအချိန်မှာ အသားတိုး ကြက်တွေကို စားသုံးမှု ရှိရဲ့လား။
မြန်မာနိုင်ငံ အတွင်းက ပြည်သူတွေ အနေနဲ့ အသားတိုးကြက်ကို စားသုံးမှု အများအပြား ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ တို့ နိုင်ငံက ပြည်သူတွေ အသားတိုးကြက် စားသုံးမှုနှုန်းက အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေ အသားတိုးကြက် စားသုံးမှုနှုန်းကို မမီသေးပါဘူး။ ပြည်တွင်း စားသုံးမှုနှုန်းက ပြည်ပစားသုံးမှုနှုန်းထက် သုံးပုံတစ်ပုံလောက်ပဲ ရှိပါတယ်။
အသားတိုးကြက်တွေကို စားသုံးမှုကြောင့် ပြည်သူတွေ ရောဂါဝေဒနာ ခံစားရတယ် ဆိုတာ ဟုတ်ပါသလား။
ကြက်မွေးမြူရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒီကိစ္စကို ငြင်းပါတယ်။ ကျွန်မတို့ အဖွဲ့က ကြက်မွေးတဲ့ သူတွေကို လည်း သေချာစောင့်ကြည့်တယ်။ ကျွေးတဲ့ အစာတွေကိုလည်း သေချာစောင့်ကြည့် တယ်။ ပြည်သူတွေ အတွက် ထိခိုက်မှု တစ်ခုမှ မပါအောင် စောင့်ကြည့်နေပြီးမှ အသားတိုး ကြက်တွေကို မွေးမြူတာပါ။ ဒါကြောင့် အသားတိုး ကြက်ကိုစားလို့ ဘာရောဂါ အန္တရာယ်မှ မဖြစ်နိုင်ပါဘူးလို့ ပြည်သူတွေကို ပြောချင်ပါတယ်။
ရန်ကုန်မြို့ဈေးကွက်ထဲက အသားတိုး ကြက်တွေမှာ ကြက်ငှက် တုပ်ကွေးရောဂါ လုံးဝ ကင်းစင်ရဲ့လား။
အန်တီတို့ ကြက်မွေးမြူရေး အဖွဲ့ချုပ်က မုံရွာမှာ ကြက်ငှက်တုပ်ကွေး မဖြစ်မီကတည်းက မြန်မာ တစ်နိုင်ငံလုံးမှာ ကြက်တွေ ကြက်ငှက်တုပ်ကွေး ရောဂါမဖြစ်အောင် နည်းစနစ်တကျ ကျွေးမွေးပြုစု စောင့်ရှောက်မှုတွေ ပြုလုပ်ထားတာပါ။ မုံရွာမှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်တယ် ဆိုတာကလည်း ဒီအချိန်က ကြက်ငှက်တုပ်ကွေး ရာသီဖြစ်တာကြောင့် အနည်း အကျဉ်း ဖြစ်သွားတာပါ။ ရန်ကုန်မြို့ထဲကို ဝင်တဲ့ကြက်တွေက ဧရာဝတီတိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး က ဖြစ်တာကြောင့် ရန်ကုန်က ပြည်သူတွေ အနေနဲ့ အသားတိုးကြက်ကို စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ကြက်ငှက် တုပ်ကွေး ရောဂါအပါအဝင် ဘာရောဂါမှ မပါအောင် စစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့ ပြောချင်ပါတယ်။
ပြည်သူတွေကို စကား လက်ဆောင်လေး ပြောပေးပါဦး။
ပြည်သူတွေ အနေနဲ့ အသားတိုး ကြက်ကို စိတ်ချလက်ချစားပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ ပြည်သူတွေ အသားတိုး ကြက်ကို စိတ်ချလက်ချစားနိုင်ဖို့ ကြက်မွေးမြူရေး အဖွဲ့ချုပ်အနေနဲ့ နေ့စဉ် စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကြက်တွေမှာ ရောဂါကင်းစင်အောင် လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment