Sunday, March 22, 2015

သစ်တောပြုန်းတီးမှု နိုင်ငံဧရိယာ၏ ၀ ဒဿမ ၅၅ ရာခိုင်နှုန်း နှစ်စဉ်ရှိဟု သစ်တောဝန်ကြီးဆို



(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်နိုင်ငံ ဧရိယာ၏ ၀ ဒသမ ၅၅ ရာခိုင်နှုန်းရှိသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

ယနေ့ နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက "ဒီလိုကမ္ဘာနဲ့ အဝှမ်းသစ်တောသယံဇာတ ပြုန်းတီးလာမှုဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိတယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်’’ ဟု ပြောသည်။

၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် IPCC အစီရင်ခံစာအရ သစ်တောကဏ္ဍမှ သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏသည် ကဏ္ဍ အသီးသီးက ထုတ်လွှတ်မှုစုစုပေါင်း၏ ၁၇ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်က ရာသီဥတုပြောင်းလဲမှု အစီရင်ခံစာတွင်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ် မှုများ ပိုမိုများပြားလျက်ရှိကြောင်း ရာသီဥတုပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ် နေမည်ဖြစ်ပြီး အသက် မွေး ဝမ်းကြောင်း လုပ်ငန်းများနှင့် ဂေဟစနစ်များအပေါ် ပိုမိုဆိုးရွားစွာ သက်ရောက်နေမည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရန် စဉ်ဆက်မပြတ် သစ်တော စီမံအုပ်ချုပ်နိုင်ရန် နှစ် ၃၀ (၂၀၀၁ - ၂၀၀၂ မှ ၂၀၃၀- ၃၁) အမျိုးသားအဆင့် ပင်မစီမံကိန်းကို ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment