Monday, March 9, 2015

တရုတ်နယ်စပ်ရောက် မြန်မာ ဒုက္ခသည် သုံးသောင်းကျော် ကယ်တင်ခွင့်ရရန် ကြီးလေးကြီးထံ စာတင်မည်

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်သို့ ရောက်ရှိ ပုန်းရှောင်နေသည့် စစ်ပြေး ဒုက္ခသည် သုံးသောင်းကျော်ကို ကယ်တင်နိုင်ရန် အခက်အခဲရှိနေခြင်းကြောင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ စာရေးသားတင်ပြသွားမည်ဟု End War In Myanmar လူသားချင်းမို့စာနာစို့ အဖွဲ့ဝင် ကိုလင်းနီသွေးက မဇ္ဈိမသို့ပြောသည်။
"“Myanmar Peace Centre က သမ္မတအထိ ပေါက်ရောက်တဲ့အတွက်ကြောင့် သူတို့ကနေတစ်ဆင့် လေးနေရာကို စာတင်မှာပါ။ကျွန်တော်တို့ ဒီအတိုင်း သွားရောက်ကယ်တင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒါကြောင့်စာတင်မယ် ခွင့်ပြုမိန့်ကျလာပြီဆိုရင် ကွမ်လုံမှာရှိတဲ့ ဒေသခံ ပရဟိတသမားတွေက သွားရောက် ခေါ်ဆောင်မှာပါ" ကိုလင်းသွေးနီက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖုန်ကြာရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ကြား လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကိုးကန့်ပြည်သူများ၊ ရှမ်းလူမျိုး၊ ပလောင်တို့ အပြင် အောက်မြန်မာပြည်၊ အထက်မြန်မာပြည်မှ ကိုးကန့်ဒေသတွင် သွားရောက် အလုပ်လုပ်သူများ ပါဝင်သည့် စစ်ပြေး ဒုက္ခသည် ၆၄၃၀၀ ကျော်ခန့် ရှိနေသည်ဟုလည်း ကိုလင်းသွေးနီက ပြောသည်။
တရုတ်နယ်စပ်သို့ ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် ဒုက္ခသည်များအနက် ထက်ဝက်ခန့်သည် နေထိုင်ရေးနှင့် စားနပ်ရိက္ခာ အခက်အခဲရှိနေသည်ဟုလည်း ကွမ်လုံမြို့နယ် ကြက်ခြေနီအသင်း၏ အလုပ်အမှုဆောင် ဦးစောသန်းလွင်က ဆိုသည်။
"တရုတ်ဘက်ကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ မင်းတို့က မင်းတို့ဘက်က လူကိုတော့ကယ်တယ်။ ငါတို့ဒုက္ခရောက်နေတာကို ကျတော့ မကယ်ဘူးလို့ပြောတယ်။ သူတို့ဘက် မှာဒုက္ခရောက်နေတဲ့ မြန်မာလူမျိုး ခြောက်သောင်းကျော်ရှိတယ်။ အဲဒီထဲမှာမှ သုံးသောင်းလောက်က တရုတ်ဘက်မှာ နေနိုင်၊ စားနိုင်တယ် အဆင်ပြေတယ်။ ကျန်တဲ့သုံးသောင်းကျော် လောက်က အခြေအနေဆိုးတယ်လို့ ပြောတယ်။ ခွင့်ပြုမိန့်ကျတယ်၊ ဒုက္ခရောက်နေတဲ့ လူတွေက ကျွန်တော်တို့က ကယ်တင် တာကိုလက်ခံတယ်ဆိုရင်တော့ ကယ်တင်သွားမယ်” ဟု ပြောသည်။
ယခင်ရောက်ရှိလာပြီး နေရပ်အသီးသီးသို့ ပြန်ပို့ပေးခဲ့ရသည့် စစ်ဘေးဒုက္ခသည်များကို လားရှိုးမြို့ မန်ဆူ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်ခဲ့ကာ ခေတ္တ နားခိုခွင့်ပေးခဲ့သည်။ တရုတ်ဘက်သို့ ရောက်ရှိနေသော မြန်မာဒုက္ခသည် သုံးသောင်းကျော်ကို ကယ်တင်ရာတွင် နေရာအခက်အခဲရှိသည်ဟုလည်း ဦးစောသန်းလွင်က ဆိုသည်။
လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က စ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ မတ်လ ၈ ရက် တွင် တပ်မတော်၏ ထုတ်ပြန်ချက်များအရ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသေးသည်ဟု ဆိုသည်။
Mizzima

No comments:

Post a Comment