Saturday, March 14, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် (၂) ခုအား ကျပ်သိန်းပေါင်း (၄၀၀၀) ထောက်ပံ့

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ရေးချုပ်(ကြည်း)သည် ယခုလ (၁၃) ရက်နေ့၌ စစ်ကိုင်းမြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့ရှိ တိုင်းရင်းသား ကျောင်းသူ/သားများအတွက် ပညာသင်ကြားမှု အဆင်ပြေ စေနိုင်ရေး အတွက် ကျပ်သိန်းပေါင်း (၄၀၀၀) အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဌာနထံမှ သိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ် ရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်)နှင့်( အုန်တော ) ရှိ ကျောင်းသား/သူများ အတွက် လေ့ကျင့် ရေး ၀တ်စုံ (၃၀၀) အား လည်းကောင်း ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ (စစ်ကိုင်း) မှ ကျောင်းသား/သူများ အတွက် လေ့ကျင့်ရေး ၀တ်စုံ ထည်(၂၅၀) ထည်အား လည်းကောင်း သီးသန့် ပေးအပ် ခဲ့ကြောင်း အဆိုပါဌာန ထံမှသိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က လေ့ကျင့်ရေး ၀တ်စုံ (၅၅၀) ကို သီးသန့် ပေးအပ် ခဲ့တယ်။ ပြီးတော့ နောက်ထပ် ကျပ်သိန်းပေါင်း (၄၀၀၀) ကိုလည်း ထောက်ပံ့ပေး ခဲ့တယ်။ တက္ကသိုလ် အတွက် ကျပ်သိန်းပေါင်း (၁၄၀၀) နဲ့ ဒီဂရီကောလိပ်နှစ်ခု အတွက် ကျပ်သိန်းပေါင်း(၁၆၀၀) တို့ကို ထောက်ပံ့ လှူဒါန်းခဲ့ တာပါ။ ဒုတိယအကြိမ်လို့ ပြောလို့ ရပါတယ်။ ဖေဖော်ဝါရီလတုန်း ကလည်း ကွန်ပျူတာ (၁၄၀) လုံးနဲ့ ကျပ်သိန်း(၁၀၀) ကျော်ကို လှူဒါန်းခဲ့ ပါသေးတယ်။ တိုင်းရင်းသား လူငယ်ကျောင်း/သူတွေ အတွက် ပညာ သင်ကြားရာမှာ အခက်အခဲ မရှိစေဖို့ ဆိုပြီး ထောက်ပံ့ပေးခဲ့ တာပါ ဟု တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က The Messenger Media သို့ ပြောသည်။

ယင်းသို့ ထောက်ပံ့ရာတွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)နှင့် (အုန်းတော) တို့ရှိ ကျောင်းသား/သူများ အနေဖြင့် ဝေးလံ ခေါင်သီသည့် ဒေသများမှာ လာရောက် ပညာ သင်ကြား ရသည့် အတွက် အခက်အခဲ မရှိစေရေးနှင့် ကျောင်းတွင်း လိုအပ်ချက် များအား ဖြည့်ဆည်းပေးနိုင်ရေး တို့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ရေးချုပ်ကြီး ကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment