Thursday, March 26, 2015

ဝန်ထမ်းများတိုးမြှင့်မည့် လစာနှုန်းထားကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့တင်ပြမည်



တိုးမြှင့်မည့်လစာကို အစိုးရ၀န်ထမ်းများ စောင့်စားနေကြသည် (ဓာတ်ပုံ − နစ်ကီ)

နိုင်ငံ့ဝန်ထမ်းများ အတွက် တိုးမြှင့် လစာနှုန်းထား လျာထားသတ်မှတ်ချက်ကို ယနေ့ (မတ်လ ၂၆ရက်)တွင် ကျင်းပ မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့က  လာရောက် တင်ပြမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

ဧပြီ ၁ ရက်မှ စတင်မည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုး မြှင့်ပေးမည့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထား များကို သင့်လျော် သည့်အချိန်၌ ထုတ်ပြန်မည်ဟု ပြောကြားထားသော်လည်း ပြည် ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ အသိပေးတင်ပြရန် သမ္မတကလွှတ်တော်သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေး (ကက်ဘိ နက်) ၌ တိုးမြှင့်လစာ နှုန်းထား နှင့် ပတ်သက်၍ အတည်ပြုမည် ဖြစ်ပြီး ယင်းအတည်ပြုချက်ကို ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ လာရောက်တင်ပြမည်ဖြစ်သည်။

‘‘သေချာတော့မသိသေးပါ ဘူး။ ဒါပေမဲ့ ကြားတာကတော့ ငါးသောင်းလောက်တိုးမယ်တော့ ပြောတာပဲ။ ဒါပေမဲ့ ထောက်ပံ့ကြေးပေးနေတဲ့  သုံးသောင်းကို မပေးတော့ဘူး ကြားတယ်။ တကယ်သာအဲဒီလို ဖြစ်လာရင် နှစ်သောင်းပဲ တိုးမယ့် သဘော ပေါ့။ ဒါက အကြားပဲ ရှိပါသေး တယ်။ တကယ်တိုးမယ့်နှုန်းထား ကတော့ လွှတ်တော်မှာအဖြေပေါ် မယ်’’ ဟု ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဝန်ထမ်းများအား တိုးမြှင့် ပေးမည့်လစာသည် ခေတ်စနစ် နှင့်ညီညွတ်စေရန်၊ ကုန်ကျစရိတ် များကာ မိစေရန် ကျပ်တစ်သိန်း နှစ်သောင်းမှ ကျပ်နှစ်သိန်းအထိ တိုးမြှင့်ပေးရန်လိုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထား သည်။

လစာနှုန်းထားများတိုးမြှင့် ပေးမည့် လျာထားချက်စာရင်းကို မတ်လ ၂၃ ရက်နောက်ဆုံးထား ၍ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ရန် အစိုးရအားတိုက်တွန်း ကြောင်း အရေးကြီး အဆိုကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက မတ်လ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးသို့ တင်သွင်းခဲ့ရာ ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။

ဖော်ပြပါ ဆုံးဖြတ်ချက်အရ တိုးမြှင့်ပေးမည့် လစာနှုန်းထား သတ်မှတ်ချက်များကို မတ်လ ၂၅ ရက်တွင် ပြုလုပ်မည့် ပြည် ထောင်စု အစိုးရ အဖွဲ့အစည်း အဝေး (ကက်ဘိနက်)၌ အတည် ပြုသတ်မှတ်မည်ဖြစ်ကာ ယင်း အစည်းအဝေးအပြီးတွင် လျာ ထားသတ်မှတ်နှုန်းများကို လွှတ် တော်သို့  ပေးပို့မည်ဖြစ်ကြောင်း သမ္မတက လွှတ်တော်သို့ အကြောင်းပြန်ကြားထားသည်။

၂၀၁၅ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြည်ထောင်စုလွှတ်တော်သို့တင်ပြရာတွင် နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ် စုစုပေါင်းကျပ်ငွေ ၂ ဒသမ ၉၀၁ ထရီလီယံလျာထားသတ်မှတ်ထားသည်။

7Day DAILY

No comments:

Post a Comment