Saturday, March 14, 2015

ကျောက်ဖြူ-စစ်တွေ သင်္ဘော နစ်မြုပ်၊ ၁၀၀ ကျော်သေဆုံး


ဓာတ်ပုံ – ထွန်းထွန်းနိုင် (ကျောက်ဖြူ စီဂျေ)

ကျောက်ဖြူ ဆိပ်ကမ်းကနေ စစ်တွေကိုသွားတဲ့ အောင်တံခွန် ၃ သင်္ဘောဟာ မနေ့ည ၈ နာရီလောက်က  မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး အရောက်မှာ ရုတ်တရက် လှိုင်းပုတ်ပြီး တိမ်းစောင်း နစ်မြုပ်ခဲ့ပါတယ်။

ဒီသဘောင်္ပေါ်မှာ လူဦးရေ ၃၀၀ လောက် လိုက်ပါသွားပြီး ၁၇၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ သတင်းသမား ကိုထွန်းထွန်းနိုင်က ပြောပါတယ်။ ဒီကနေ့မနက် ၉ နာရီခွဲအထိ အလောင်း ၁၁၀ ကျော် ရရှိထားတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ မနက် ၉ နာရီ ၂၀ လောက်ထိ အဲ့ဒီကိုသွားပြီး ကယ်ဆယ်ရေးလုပ်နေသူ ပြောတာ ကတော့ အလောင်း ၁၀၀ ကျော် ရထားပြီးပြီ၊ ၁၇၀ ကျော်ကတော့ အသက်ရှင်လျက် တွေ့တယ်တဲ့။ ခရီးသည် ၃၀၀ ကျော်လောက် ပါသွားတယ်ပြောတယ်။”

သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အစိုးရကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ ခရီးသည် ၁၆၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျား ၂ ဦး၊ မ ၁၉ ဦး အပါအဝင် ၂၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ် ယူ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကျွိန်ကျွန်းရွာမှ ဒေသခံ ရွာသူ၊ ရွာသားတွေနဲ့ ကျောက်ဖြူခရိုင် တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေက ကူညီကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment