Tuesday, March 31, 2015

နီပေါရှိ မြို့တစ်မြို့တွင် ကြံ့တစ်ကောင် ဝင်သောင်းကျန်းရာ တစ်ဦးသေပြီး ခြောက်ဦး ဒဏ်ရာရ



နီပေါနိုင်ငံတွင် လူနေရပ်ကွက်ထဲ ဝင်ရောက် သောင်းကျန်းခဲ့သည့် ကြံ့တစ်ကောင်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူခြောက်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ၂၉ ရက်က ကြံ့ထိန်းသိမ်းရေး ဘေးမဲ့စခန်း တစ်ခုမှ နယ်ကျော်ထွက်လာသည့် ကြံ့နက်တစ်ကောင်သည် မာဝမ်ပါမြို့ထဲ ဝင်လာပြီး လမ်းသွားလမ်းလာများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကြံ့ချိုဖြင့် အဝှေ့ခံရသည့်နောက် အသက်(၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကြံ့က ဝင်တိုးသည့်အတွက် မော်တော်ယာဉ် အချို့လည်း ပျက်စီးခဲ့သည်။ ယင်းဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုထဲ၌ ကြံ့ကြီးသည် ကျဉ်းမြောင်းသော လူသွားလမ်းတစ်လျှောက် ပြေးဝင်ပြီး မြင်သမျှကို တိုက်ခိုက်ခဲ့ရာ လူအများသည် နီးရာ အဆောက်အအုံများထဲ ပြေးဝင်ပြီး အထပ်မြင့် လေသာဆောင်များမှ ထွက်ကြည့်နေကြသည်ကို တွေ့ရသည်။

ကြံ့ကြီးကို မြို့ထဲမှ မောင်းထုတ်ရန်အတွက် ကားဟွန်းသံများပေးပြီး တောခြောက်မှုမှာလည်း မအောင်မြင်ခဲ့ချေ။ နောက်ဆုံးတွင် လေ့ကျင့် သင်ကြားပေးထားသည့် ဆင်များကို အဆိုပါ ဒေသသို့ ခေါ်ဆောင်လာပြီး ကြံ့ကို ပိတ်ဆို့ကာ ပါဆာ သဘာဝ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး စခန်းဘက်သို့ ပြန်လည် ဦးတည် မောင်းနှင်သွားခဲ့ရသည်။ မေ့ဆေးသေနတ် ကိုင်ဆောင်ထားသည့် အဖွဲ့များကိုလည်း အသင့်ပြင်ဆင် စောင့်ကြည့်နေခဲ့ရသည်။

ကြံ့ကြီးသည် စည်းရိုးခတ်မထားသည့် ဘေးမဲ့စခန်းမှ (၁၂)မိုင်မျှ ခရီးလွန်ပြီး မြို့ထဲ ရောက်လာခြင်း ဖြစ်သည်။ ရဲအရာရှိတစ်ဦးက “ကြံ့က အသက်(၆၁)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးကို အသက်ဆုံးရှုံးတဲ့ထိ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ် ခြောက်ဦး ဒဏ်ရာရခဲ့တယ်။ ကျွန်တော်တို့က ကျွမ်းကျင်သူတွေကို ခေါ်ယူပြီး ကြံ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

ကြံ့များသည် ကိုယ်အလေးချိန် (၁၄၀၀) ကီလိုဂရမ်ထိ ကြီးထွားနိုင်ပြီး စံချိန်တင် အမြန်ဆုံးနှုန်းအဖြစ် တစ်နာရီ (၃၄)မိုင်ထိ ပြေးလွှားနိုင်သည်။ ၂၀၁၃ ခုနှစ်က နီပေါနိုင်ငံရှိ ချစ်ဝမ် အမျိုးသား ဥယျာဉ်အနီးတွင် ငါးမျှားနေသူတစ်ဦး ကြံ့ဝှေ့ခံရပြီး သေဆုံးခဲ့ဖူးသည်။ နီပေါတွင် ကြံ့ကောင်ရေ (၅၃၄)ကောင်ရှိပြီး ကြံ့ချိုမှောင်ခို မုဆိုးများ၏ လှုပ်ရှားမှုကို တားဆီးနိုင်ပါက ယခုနှစ်ကုန်တွင် အဆိုပါ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များ၏ အရေအတွက်သည် နှစ်ဆထိ မြင့်တက်လာမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်လျက်ရှိသည်။

_Ref: Dailymail

No comments:

Post a Comment