Wednesday, March 4, 2015

ကော်ဖီပုံမှန် သောက်ခြင်းက နှလုံးသွေးကြော ပိတ်ဆို့မှုကို လျှော့ချပေးနိုင်ဟု သုတေသန ရလဒ်တစ်ခုဖော်ပြ

နေ့စဉ် ကော်ဖီအနည်းငယ် ပုံမှန်သောက်ခြင်းက သွေးကြောများ ပိတ်ဆို့မှုကို အကာအကွယ် ပေးနိုင်ကြောင်း တောင်ကိုရီးယား သုတေသီများက ထောက်ခံ ပြောကြားလိုက်သည်။
တောင်ကိုရီးယားတွင် အလုပ်ခွင်၌ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရသူ အမျိုးသား၊ အမျိုးသမီး (၂၅၀၀၀)ကျော်၏ ကျန်းမာရေး မှတ်တမ်းများကို စိစစ်လေ့လာကာ ယခုတွေ့ရှိချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ တစ်နေ့လျှင် ကော်ဖီ သုံးခွက်မှ ငါးခွက်ထိ ပုံမှန် သောက်သုံးခြင်းက နှလုံးအတွက် ကောင်းကျိုးဖြစ်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

အဆိုပါ တွေ့ရှိချက်က ကော်ဖီနှင့် ကဖိန်းဓာတ်သည် နှလုံးကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူ ပြုနိုင်၊ မပြုနိုင် စကားရည်လုပွဲများကို ပြန်လည် ဖွင့်လှစ်ပေးလိုက်သည့် သဘောလည်း ဖြစ်လာသည်။ ကော်ဖီသည် လူ့ကျန်းမာရေးအတွက် အကူအညီ ပေးနိုင်သည်ဆိုသော အယူအဆအပေါ် လက်ခံမှုများရော၊ ငြင်းဆိုမှုများပါ ရှုပ်ထွေးစွာ ရှိနေဆဲ ဖြစ်သည်။
အချို့သော စစ်တမ်းများက ကဖိန်းဓာတ်သည် ကိုလက်စထရော ပမာဏကို မြင့်တက်လာစေပြီး သွေးတိုးစေနိုင်ကြောင်း ဖော်ပြခဲ့သော်လည်း နှလုံးကို အထောက်အပံ့ ပေးနိုင်ကြောင်း ယူဆသည့် ပညာရှင် အများအပြားလည်း ရှိနေသည်။ Heart ဆေးပညာ ဂျာနယ်တွင်မူ တောင်ကိုရီးယား သုတေသီများ၏ တွေ့ရှိချက် မှတ်တမ်းများကို ဖော်ပြထားရာ ကော်ဖီသောက်ခြင်းဖြင့် နှလုံးသွေးကြော ပိတ်ဆို့မှုကို လျှော့ချပေးနိုင်ကြောင်း ရေးသားထားသည်။
သုတေသီများက အမျိုးသား၊ အမျိုးသမီး (၂၅၀၀၀)ကျော်၏ ဆေးဘက်ဆိုင်ရာ Scanဖတ်မှု စစ်တမ်းများကို အခြေခံပြီး နှလုံးကျန်းမာရေးနှင့် ၎င်းတို့၏ ပုံမှန် ကော်ဖီသောက်သုံးမှု အလေ့အထတို့ကို ဆက်စပ် နှိုင်းယှဉ်ခဲ့သည်။ ယခုသုတေသန လုပ်ဆောင်မှုတွင် လူတစ်ဦးချင်း၏ နှလုံးသွေးကြော အခြေအနေကို အဓိက စူးစိုက်လေ့လာခဲ့ကြောင်လည်း သိရသည်။
နှလုံးနှင့် ဆက်စပ်နေသည့် သွေးကြောများအတွင်း အဆီစု ပိတ်ဆို့မှုများက ပြင်းထန်သော နှလုံးရောဂါကို ဖြစ်စေနိုင်သည်။ သုတေသီများသည် ကော်ဖီ ပုံမှန်သောက်သူများနှင့် ဆေးလိပ်သောက်သူ၊ အရက်သောက်သူများ၏ နှလုံးသွေးကြော အခြေအနေများ အားလုံးကို နှိုင်းယှဉ် လေ့လာခဲ့ကြသည်။ ထိုအခါ ပျမ်းမျှအားဖြင့် နေ့စဉ်ပုံမှန် ကော်ဖီသောက်သူများ၏ နှလုံးသွေးကြောတွင် ပိတ်ဆို့မှု ဖြစ်နိုင်မည့် ကယ်လ်စီယမ် အလွှာတိုးပွားမှု သိသိသာသာ လျော့နည်းနေကြောင်း တောင်ကိုရီးယား ပညာရှင်များက ပြောကြားခဲ့သည်။
ကော်ဖီတွင် ကဖိန်းဓာတ်အပြင် အခြားသော ဓာတ်ပေါင်း အများအပြား ပါဝင်နေသောကြောင့် အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးဆိုးကျိုး ဆက်နွှယ် သက်ရောက်မှုများ ရှိနေကြောင်းမူ Heart ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားခဲ့သည်။
အမေရိကန်မှ သုတေသီများကမူ တစ်နေ့လျှင် ကဖိန်းဓာတ် (၄၀၀)မီလီဂရမ်မျှ သောက်သုံးခြင်းသည် သာမန် ကျန်းမာသော အရွယ်ရောက်ပြီး သူများအတွက် စိတ်ချရသည့် ပမာဏ ဖြစ်နိုင်ကြောင်း ထောက်ခံထားသည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့်မူ တစ်နေ့လျှင် (၂၀၀)မီလီဂရမ်ထက် ပိုမသောက်သင့်ဟု အကြံပြုထားသည်။
အသင့်ဖျော်စပ် သောက်သုံးနိုင်သည့် ကော်ဖီမစ် မတ်ခွက် တစ်ခွက်စာတွင် ပျမ်းမျှအားဖြင့် ကဖိန်းဓာတ် (၁၀၀)မီလီဂရမ်မျှ ပါဝင်လေ့ရှိပြီး အရည်စစ်ထုတ်ထားသည့် ကော်ဖီ မတ်ခွက် တစ်ခွက်တွင် ကဖိန်းဓာတ် (၁၄၀)မီလီဂရမ်မျှ ကိန်းအောင်းနေသည်။ လက်ဖက်ရည် မတ်ခွက်တစ်ခွက်လျှင် ကဖိန်းဓာတ် (၇၅)မီလီဂရမ်မျှနှင့် ကိုလာသံဘူး တစ်ဘူးတွင် ကဖိန်းဓာတ် (၄၀)မီလီဂရမ်မျှ ပါဝင်ကြောင်းလည်း သိရှိရသည်။
_Ref: BBC

No comments:

Post a Comment