Monday, March 16, 2015

ထာဝရ ငြိမ်းချမ်းရေးဆီသို့

မြန်မာ့သတင်းစဉ်အဖွဲ့
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနှင့်အဖွဲ့အား နေပြည်တော်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံခြင်းသည် နိုင်ငံတော် သမ္မတနှင့် (ကေအိုင်အို) အဖွဲ့တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ယုံကြည်မှု တည်ဆောက်ခြင်းကို ပိုမို ခိုင်မာအောင် ပြုလုပ်နိုင်ခဲ့ကြပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် (ကေအိုင်အို) အနေဖြင့် အင်တိုက် အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက် တော့မည် ဖြစ်သည်။ သို့ဖြစ်၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည့် တာဝန်ရှိသူများ၏ ငြိမ်းချမ်းရေး စကားသံများကို ဖော်ပြလိုက်ပါသည်-

ဦးအောင်မင်း
ပြည်ထောင်စုဝန်ကြီး
ကျွန်တော်တို့ ဒီနေ့ လုပ်တဲ့ပွဲကတော့ နိုင်ငံတော် သမ္မတကြီးက KIA ၊ KIO ကချင် တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံတဲ့ပွဲ ဖြစ်ပါတယ်။ သမ္မတကြီး နိုင်ငံခြား သွားခဲ့ပြီးတော့ အလုပ်တွေ မအားလပ်တဲ့ ကြားထဲမှာ ဒုတိယသမ္မတ ဦးစီးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ မနေ့က MICC -၂ မှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။ သမ္မတကြီး ကလည်း အခု တိုင်းရင်းသား ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံပြီးတော့မှ ဆွေးနွေး ပွဲလုပ်တာ ဖြစ်ပါတယ်။ ဒီမှာလည်း တိုင်းရင်းသားတွေဘက်က တင်ပြတာတော့ အဓိကအားဖြင့် တိုင်းပြည်က မခွဲထွက်ဘူး။ နောက်ပြီး ကျွန်တော်တို့ ငြိမ်းချမ်းရေးကို မရောက် ရောက်အောင် သွားမယ် ဆိုတာကို အဓိက ထားပြီးတော့ သူတို့က ကတိပြုပြီး ပြောဆိုတာ ရှိပါတယ်။ ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် ဒီနေ့ သမ္မတကြီးနဲ့ တွေ့တဲ့ပွဲဟာ ကောင်းမွန်တဲ့ပွဲ ဖြစ်ပါတယ်။ ယုံကြည်မှုတွေ ပိုပြီးတော့ တည်ဆောက် နိုင်တယ်လို့ ပြောလို့ရပါတယ်။ သိပ်မကြာခင် ကာလမှာလည်း ငြိမ်းချမ်းရေးတွေ ရတော့မယ်လို့ ဒီလိုပဲ မျှော်လင့်တဲ့ အကြောင်း တင်ပြလိုပါတယ်။
ဗိုလ်မှူးကြီးဇော်တောင်(ဗဟိုကော်မတီဝင်)
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)
သမ္မတကြီးနဲ့ ကျွန်တော်တို့ KIO အဖွဲ့အနေနဲ့ကတော့ ပထမအကြိမ် တွေ့တာပေါ့နော်။ ဒီနေပြည်တော်မှာ ရောက်နေတဲ့ အချိန်မှာ သမ္မတကြီးနဲ့ တွေ့ခွင့်ရတယ်၊ ပြီးတော့ ကျွန်တော်တို့က (၇)ကြိမ်မြောက် NCCD နဲ့ UPWC တွေ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ကျွန်တော်တို့ KIO ကိုယ်စားလှယ် အနေနဲ့ ပါဝင်မှာ ဖြစ်တဲ့အတွက် ရန်ကုန်ကို သွားရင်းနဲ့ ဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့မှ အခုချိန် KIO ဗဟိုကော်မတီဝင် (၈)ယောက် အင်အားပြည့် ပါဝင်တယ် ဆိုတာက KIO အနေနဲ့ NCCD ရဲ့ Peace Process မှာ အင်တိုက် အားတိုက် ပါဝင်ဖို့ ရှိတယ ဆိုတာ ဒီမှာသမ္မတကြီးကို တင်ပြထားတာ ဖြစ်ပါတယ်။
အခုဒီလို နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ရတဲ့ အချိန်မှာ ကျွန်တော်တို့ KIO ရဲ့ လက်ခံ ထားတာတွေကို ပွင့်ပွင့် လင်းလင်း ပြောနိုင်တဲ့ အတွက်ကြောင့် ဝမ်းသာရပါတယ်။
ကျွန်တော်တို့ KIO အနေနဲ့ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အခုသွားနေတဲ့ လမ်းကြောင်းကနေပဲ ဆက်လက် ပြီးတော့ အင်တိုက် အားတိုက် ပါဝင်သွားမယ် ဆိုတာကို ပြောကြား လိုပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်
ဒုတိယစစ်ဦးစီးချုပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
ကျွန်တော်တို့ ကတော့ အခုလို သမ္မတနဲ့ တွေ့ဆုံတဲ့အခါမှာ ကေအိုင်အိုရဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။ ကချင်လူမျိုးတွေ ကေအိုင်အိုကနေ ပြည်ထောင်စုထဲမှာ ဘယ်လို ပါဝင်ခဲ့တယ်။ ဒီပြည်ထောင်စုကြီးရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ ကေအိုင်အိုက ဘယ်လို ပါဝင်သွားဖို့ ဆန္ဒရှိတယ်ဆိုတာ အတိအကျ ကျွန်တော်တို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကေအိုင်အိုရဲ့ သဘောထားနဲ့ (၆၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ သဘောထား ထုတ်ပြန်ချက် အပေါ်မှာရယ်၊ နောက်အခု ရှေ့ဆက်ပြီးသွားမယ့် Peace Process အပေါ်မှာ ကေအိုင်အိုက အောင်မြင်အောင် ဘယ်လို သွားမလဲဆိုတဲ့ အချက် (၃)ချက်ကို အဓိက ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပုံစံအတိုင်း သွားမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်ထောင်စုထဲမှာ အတူတကွ နေထိုင်ခဲ့ကြတဲ့ ကချင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ကတည်းက ကျွန်တော်တို့ ဆန္ဒ အမှန်နဲ့ တည်ရှိ နေခဲ့ကြတယ် ဆိုတာ အားလုံးကို ကျွန်တော်တို့ အသိပေးလိုတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် (၇)ကြိမ်မြောက်ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့ NCCT မှာက (၁၆)ဖွဲ့ရှိပါတယ်။ ဒီ(၁၆)ဖွဲ့ရဲ့ သဘောထားတွေကို သေချာ စုစည်းပြီး ကျွန်တော်တို့ ဒီနိုင်ငံတော်မှာ သွားနေတဲ့ လမ်းစဉ်တစ်ခုလုံးမှာ Time Frame က အရေးကြီးတယ် ဆိုတာလဲ ကေအိုင်အိုက နားလည်ပါတယ်။ အဲဒီတော့ Time Frame ကို အမှီလိုက်နိုင်ဖို့နဲ့ ကျွန်တော်တို့ နှစ်ဖက် အတိုးအလျှော့နဲ့ ညှိနှိုင်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကေအိုင်အို အနေနဲ့ကတော့ အမျိုးသား ညီလာခံ ကတည်းက တင်ပြချက်တွေ အကုန်လုံးကို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အချက်တွေကို အဓိက ထားပါတယ်။ ပြည်ထောင်စု အရေးပေါ့။ အဲဒီတော့ အခုလို ဆွေးနွေးပွဲတွေမှာ ပြည်သူလူထု တစ်ရပ်လုံးက အကောင်းမြင် သဘောမျိုးနဲ့ ကြည့်ရှုပြီးတော့ ကြားကနေပြီး ပြောနေတဲ့ အသံတွေကို အဓိက နားမထောင်ဘဲ သွားနေတဲ့ Process အပေါ်မှာ ထောက်ခံကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့ အောင်မြင်အောင် လုပ်သွားမှာ ဖြစ်တယ်လို့ အားလုံးကို သတင်းကောင်း ပေးလိုပါတယ်။ အလုပ်တွေ မအားတဲ့ ကြားထဲကနေ နိုင်ငံတော် သမ္မတကြီးက ကျွန်တော်တို့နဲ့ တွေ့ဆုံ တာဖြစ်ပါတယ်။ ဒါတကယ် ခြေလှမ်း အသစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကေအိုင်အိုတွေနဲ့ နေပြည်တော်မှာ အခုလို နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ပထမအကြိမ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ခြေလှမ်းအသစ် အနေနဲ့ ရှေ့ဆက်ပြီး သွားဖို့ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
MOI

No comments:

Post a Comment