Sunday, April 5, 2015

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်



၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြုခြင်းဖြစ် ပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် အခွန်အများ ဆုံး ပေးဆောင်ခဲ့ သူ များ စာရင်းထုတ်ပြန်ကြေညာရာ တွင် မြန်မာလုပ်ငန်းရှင် အခွန်ထမ်း ၁ဝဝဝ စာရင်းနှင့် နိုင်ငံခြား ကုမ္ပဏီများစာရင်းကို ခွဲခြားတိုးချဲ့ ထုတ်ပြန်ပေးခဲ့ ပါကြောင်း၊ ထူးခြားမှုအဖြစ် လုပ်ငန်းရှင်ကြီး များ၏ ပေးဆောင်ခဲ့ သည့် အခွန်ပမာဏကို အုပ်စုခွဲခြား ထုတ်ပြန် အသိပေးကြေညာခဲ့ ပါကြောင်း၊
မိမိတို့အစိုးရအဖွဲ့သက်တမ်း ကာလအတွင်း ပြည်ထောင်စု၏ နှစ်စဉ်ရငွေများ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးအတွက် နှစ်စဉ်တိုးမြှင့်သုံးစွဲ ခဲ့ပါကြောင်း။
၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်ဝင်ရောက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် နည်းပညာများ တိုးတက်ရရှိလာနိုင်ရေး အတွက် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံခြားသားများကို အခွန်နှုန်းများခွဲခြား သတ်မှတ်ခဲ့ခြင်းကို အဆုံးသတ်ပြီး နိုင်ငံတော်အတွင်း လုပ်ကိုင်သူမည်သူမဆို တူညီသော အခွန်နှုန်းထားများနှင့် တစ်ပြေးညီ ထမ်းဆောင်နိုင်ရေး အခွန်နှုန်း များကို ပြင်ဆင်သတ်မှတ်ပေးထားပါကြောင်း၊ နိုင်ငံသားပိုင် အသေးစား၊ အလတ် စားလုပ်ငန်းများအနေဖြင့် ဈေးကွက် အတွင်း၌ယှဉ်ပြိုင် လုပ်ကိုင်နိုင် ရန် နိုင်ငံတော် က ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးရ မည်ဆိုသည့် ပြဋ္ဌာန်းချက်ကိုလည်း ထည့်သွင်းပြဋ္ဌာန်းပေးထားပါကြောင်း၊
ထို့အပြင် တစ်ဦးချင်းပုဂ္ဂလိကပိုင်လုပ်ငန်းများ ရှင်သန်ကြီးထွားလာနိုင်ရန် သက်သာခွင့်များကိုလည်း ပြင်ဆင်ခွင့်ပြုပေးထားပါ ကြောင်း၊ အခွန်နှုန်းများ၊ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များနှင့် ပတ်သက်သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် လုပ်ငန်းအဖွဲ့အစည်း အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပါကြောင်း၊ နိုင်ငံတော်ဘက်နှင့် ပြည်သူဘက် မျှတစွာ ပွင့်လင်းမြင်သာစွာ ပြဋ္ဌာန်းသတ်မှတ်ထားသည့် အခွန်နှုန်းများနှင့်အညီ မိမိတို့ ပေးဆောင်သင့်ပေးဆောင်ထိုက်သည့် အခွန်ငွေများကိုလည်း မပျက်မကွက် ပေးဆောင်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ အခွန်ကောက်ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရ ဦးသောင်းလွင်က အခွန်ကောက်ခံမှုဆိုင်ရာများကို ရှင်းလင်းမှာကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အခွန်ကောက်ခံမှုစိစစ် ကြပ်မတ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတို့က အခွန်အများဆုံးထမ်းဆောင်ကြသည့် အခွန်ထမ်းပြည်သူတို့အား ဂုဏ်ပြုမှတ်တမ်းများ တစ်ဦးချင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
MOIWebportalMyanmar

No comments:

Post a Comment