Saturday, April 25, 2015

မန်းစည်ပင် ရွေးကောက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မန္တလေး, ရန်ကုန်, စည်ပင်, ရွေးကောက်ပွဲ, မြို့တော်ဝန်,

မန္တလေးနန်းတော် ကျုံးနှင့် မြို့ရိုး (ဓာတ်ပုံ – wikimedia.org)
လာမည့် မေ ၃ ရက်နေ့တွင် မန်းစည်ပင်ကော်မတီဝင် ရွေးကောက်ပွဲအား မန္တလေးမြို့၊ စည်ပင်သာယာရေး နယ်နမိတ် အပိုင်ဖြစ်သော မြို့နယ် ၆ မြို့နယ် အနက် ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အမရပူရ မြို့နယ်များတွင် မဲရုံ ၂၀၀ ခန့်ဖွင့်လှစ်ကာ ကျင်းပတော့မည် ဖြစ်သည်။ အောင်မြေသာစံနှင့် မဟာအောင်မြေ မြို့နယ် များတွင်မူ လက်ရှိ အခြေအနေ အရ ကျင်းပနိုင်မည် မဟုတ်ပေ။

အဘယ့်ကြောင့် ဆိုသော် အောင်မြေသာစံ မြို့နယ်တွင် ဥပဒေအရ သက်မှတ်ချက်နှင့် ပြည့်စုံသည့် ကိုယ်စားလှယ် လောင်း မရှိခြင်း၊ မဟာအောင်မြေ မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် တဦးသာ ရှိခြင်း တို့ကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၄ ခုတွင် ကိုယ်စားလှယ်များကို အားရပါးရ ရွေးချယ်လိုက်မည် ဟုလည်း မမျှော်လင့်ပါနှင့်။ ချမ်းအေးသာစံတွင် ကိုယ်စားလှယ်လောင်း ၄ ဦး၊အမရပူရတွင် ၃ ဦး၊ ချမ်းမြသာစည်တွင် ၂ ဦး၊ ပြည်ကြီးတံခွန်တွင် ၂ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၂ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး တမြို့နယ်လျှင် တဦးနှုန်းဖြင့်သာ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်း အဘယ့်ကြောင့် နည်းနေပါသနည်း။
ထိုအဖြေကို သိချင်လျှင်တော့ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှ ရေးဆွဲပြဋ္ဌာန်းလိုက်သော မန္တလေးမြို့တော် စည်ပင် သာယာရေး ဥပဒေစာအုပ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေများ ဆိုသည့် စာအုပ်နှစ်အုပ်ကို ဖတ်ရှုရန် လိုလာပါတော့သည်။ ခေါင်းရှုပ် မခံပါနှင့်။ ဆက်လက် ရှင်းပြ ပေးပါမည်။
စည်ပင်ကိုယ်စားလှယ်လောင်း ဘာလို့ အရေးကြီးတာလဲ
လွပ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၅၅တွင် မန္တလေး မြူနီစပယ် အဖွဲ့အစည်း တည်ရှိခဲ့ပြီး မြူနီစပယ် ဥပဒေ ရှိခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်၊ ၁၉၉၂ ခုနှစ် တွင်မူ မန္တလေးမြို့ စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းပြီး စည်ပင်သာယာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ကော်မတီဝင် များကို အစိုးရက ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် ၂၃ နှစ် အကြာ၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် နှောင်းပိုင်းတွင်မှ မန်း ပြည်သူများ အနေဖြင့် စည်ပင် ကော်မတီဝင်များကို ပထမဦးဆုံး ရွေးချယ်ခွင့် ရလာခြင်း ဖြစ်သည်။
ပထမဦးစွာ မန္တလေးစည် ပင်သာယာ၏ ဖွဲ့စည်းပုံကို အကြမ်းဖျဉ်း ဖော်ပြရလျှင် ဥက္ကဋ္ဌ အဖြစ် မြို့တော်ဝန်က တာဝန် ယူသည်။ သူ့အောက်တွင် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ရှိသည်။ ၎င်းတို့အောက်တွင် ဌာနမှူး ၁၄ ဦး တာဝန်ယူ သော ဌာန ၁၄ ခုဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြို့တော်ဝန်မှ လွဲ၍ ကျန်သည့် သူများသည် ပြည်သူများ က ရွေးချယ် တင်မြှောက်ထားသူများ မဟုတ်ဘဲ အစိုးရအဖွဲ့က တိုက်ရိုက် ခန့်အပ် တာဝန်ပေးထား သူများ ဖြစ်သည်။
လာမည့် မေ ၃ ရက်နေ့တွင် တမြို့နယ်လျှင် တဦးနှုန်းဖြင့် ကိုယ်စားလှယ် ၆ ဦး ရွေးပြီးနောက် အဆိုပါ ၆ ဦးထဲမှ တဦးအား ဒုတိယမြို့တော်ဝန် အဖြစ် ရွေးချယ်မည် ဖြစ်သည်။ ကော်မတီအား ၁၃ ဦး (သို့မဟုတ်) ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ၅ နှစ် ဖြစ်ပါသည်။
မန္တလေးမြို့ အကျိုးစီးပွားကို အမှန်တကယ် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ ကော်မတီဝင်ထဲ ရောက်သွားဖို့ရာ လိုအပ်လှသည့် အတွက် ကော်မတီဝင် ဆိုသည့် ဂုဏ်ကို မက်မော၍ ဝင်ပြိုင်မည့်သူများ၊ လက်ညှိုးထောင် ခေါင်းညိမ့်များ၊ မလုပ် မရှုတ် မပြုတ်များ၊ ပိုက်ဆံသာ ရှိ၍ ပညာ မရှိသော၊ ပြည်သူကို လှည့်မကြည့်သောသူများ အစား အများအတွက် အတိုက်အခံ လုပ်ကာ အမိုက်ခံလုပ်ဆောင်မည့် သူများကိုသာ ကော်မတီဝင် လောင်းများ အဖြစ် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး လွန်စွာ အရေးကြီးပါသည်။
အဘယ့်ကြောင့် ပါနည်း။ မန္တလေးမြို့ဖွံ့ဖြိုး တိုးတက်ရေး အတွက် ယခုကော်မတီဝင်များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလာပြီ ဖြစ်သည်။၂၀၁၀၊၂၀၁၂ ခုနှစ် ရွေးကောက်ပွဲများတွင်  ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးမည် ဟု ကတိပေးပြီး မဲများရယူကာ လွှတ်တော်ထဲတွင် လစာအခန့်သား ယူကာ အိပ်ငိုက်နေသည့် အမတ်များကို မဲပေးခဲ့ မိသည့် ဖြစ်ရပ်ကို ပြန် သတိရစေချင်ပါသည်။
ယှဉ်ပြိုင်မည့်သူ ဘာလို့ နည်းရတာလဲ
ဝင်ရောက်ယှဉ်ပြိုင်သူ နည်းပါးခြင်းမှာ ရှင်းပါသည်။ စည်ပင် ကော်မတီဝင်လောင်းများ၏ အရည်အချင်း သက်မှတ်ချက် များသည် လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း သက်မှတ်ချက်ထက်ပင် မြင့်မားနေပါသည်။
အသက် ၂၅ နှစ် ပြည့်ပြီးသူ၊ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူများသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံနိုင်ပါသည်။ ဥပဒေများ ရေးဆွဲရမည့် လွှတ်တော်ကိုယ်စားလှယ်များ အတွက်ပင် ပညာ အရည်အချင်း ကန့်သတ်ချက် ထည့်သွင်း မထားသော်လည်း စည်ပင်ကော်မတီဝင်လောင်း အတွက်မူ အသက် ၃၀ ပြည့်ပြီး ဖြစ်ရမည်။ အစိုးရနှင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည် ဆိုသည့် အချက်များ ပါဝင်နေပါသည်။ ထိုမျှသာမက မိမိကိုယ်တိုင်၊ သို့မဟုတ် မိမိ၏ ဇနီးခင်ပွန်း တဦးဦး အမည်ပေါက်လျက် ပိုင်ဆိုင်ထားခဲ့သော မြေနှင့် အိမ်တွင် နေထိုင်လျက်ရှိသူ ဖြစ်ရမည် ဆိုသည့် အချက်ကိုပါ ထည့်သွင်းထား ပါသည်။
အကယ်၍များ  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည် ဆိုလျှင် စည်ပင်ဥပဒေလေး ပြကာ အန်တီများ စည်ပင် ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ဖြစ်ခဲ့မယ် ဆိုရင် ဒီသက်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လား ခင်ဗျာ၊ ယခု အန်တီ နေထိုင်နေတဲ့ အိမ်ကရော အန်တီ့နာမည် ပေါက်ရဲ့လား ခင်ဗျာ ဟုပင် မေးလိုက်ချင်ပါသေးသည်။ အန်တီကတော့ ပြုံးကြည့်နေမည် ထင်ပါသည်။
မန္တလေး ဦးကျားကြီးဝင်းမီး အကြီးအကျယ်လောင်ပြီးနောက် မန္တလေးမြို့ခံ အများစုမှာ စီးပွားရေး နလန်ထူရန် မနည်းပင် ရုန်းကန်ခဲ့ရပါသည်။ အရှေ့မြောက် ဒေသတိုင်းရင်းသားများ အုံနှင့် ကျင်းနှင့် ဝင်ရောက်လာသည့် အခါ အိမ်ခြံမြေ ဈေးများ အဆမတန် မြင့်တက်သွားပြီးနောက် ယခု ကာလတွင် မန္တလေးမြို့ခံ လူအများစုမှာ ကိုယ်ပိုင် အမည် ဂရန်ပေါက် မြေကွက်များတွင် နေထိုင်နိုင်သူ တော်တော်ပင် ရှားပါးသွား ပါသည်။
အများစုမှာ မိဘအမည်ပေါက် ဂရန်မြေကွက်များတွင် မောင်နှမများ ခွဲခြမ်းစိတ်ဖြာ နေထိုင်နေရခြင်း ဖြစ်သည့် အတွက် ဂရန်အမည် ဖောက်ရန် ခဲယဉ်းလှပါသည်။ ဂရန်အမည်ပေါက်သည့် သူများမှာလည်း သက်ကြီးပိုင်း ရောက်နေပြီ ဖြစ်သည်။ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လုပ်နိုင်ကိုင်နိုင်သည့် အရွယ်ဖြစ်သော အသက် ၃၀ မှ ၆၀ အကြား မြို့ခံများတွင် ဂရန်အမည်ပေါက် အိမ်နှင့်မြေ ပိုင်ဆိုင်သူ တော်တော်ရှားပါသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မန္တလေးမြို့နယ် ၆ မြို့နယ်တွင် လူဦးရေ ၁.၃ သန်း ဝန်းကျင် အခြေချနေထိုင်လျက် ရှိပါလျက်နှင့် ဝင်ရောက် ယှဉ်ပြိုင်သူ နည်းပါးခြင်းမှာ ဂရန်အမည်ပေါက် ပိုင်ဆိုင်ရမည် ဆိုသည့် ကန့်သက်ချက်သည် အဓိက နည်းပါးစေသည့် အချက် ဖြစ်နိုင်ပါသည်။ မန္တလေးတိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ ရေးဆွဲထားသည့် စည်ပင်သာယာ ဥပဒေတွင်  ယင်းကန့်သက်ချက်ကို ထည့်သွင်းရေးဆွဲခဲ့ခြင်းအား မန္တလေးမြို့ အကြောင်းကောင်းကောင်းသိသော မြို့ခံ လွှတ်တော် ကိုယ်စားလှယ်များ အဘယ့်ကြောင့် ထောက်ခံခဲ့ကြပါ သနည်း။
ပယ်ချနှုန်းလည်း များပါသည်
ပထမဦးစွာ အမည်စာရင်း တင်သွင်းသည့် ကော်မတီဝင်လောင်းများအား ပယ်ချသည့်နှုန်းကို ရန်ကုန်မြို့နှင့် နှိုင်းယှဉ် ဖော်ပြလို ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မြို့နယ် ၃၃ မြို့နယ်တွင်ကျင်းပသည့် စည်ပင် ကိုယ်စားလှယ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူ ကော်မတီဝင်လောင်း ၃၀၅ ဦး ရှိခဲ့ပြီး သက်မှတ်အရည်အချင်း မပြည့်မီ ဆိုသည့်အကြောင်းပြချက်နှင့် ပယ်ချခံရသူ ၇ ဦးသာ ရှိခဲ့ပါသည်။ မန္တလေးမြို့၊ ၆ မြို့နယ်တွင်မူ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၁ ဦး ရှိခဲ့ပြီး သက်မှတ် အရည်အချင်း မပြည့်မီ ဟု ဆိုကာ ပယ်ချခံရသူ အရေအတွက် ၉ ဦး အထိ ရှိခဲ့ပါသည်။
ရာခိုင်နှုန်းဖြင့် အချိုးချကြည့်လျှင် ရန်ကုန်တွင် ကော်မတီဝင်လောင်း ပယ်ချသည့် နှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိပြီး၊ မန္တလေးတွင်မူ ၄၂ ဒသမ ၈၆ ရာခိုင်နှုန်း ရှိသည့် အတွက် မန္တလေး၏ ပယ်ချနှုန်းမှာ ရန်ကုန်မြို့ထက် ၁၉ ဆနီးပါး မြင့်တက် နေပါသည်။ မန္တလေးမြို့တွင် ကော်မတီဝင်လောင်း အဖြစ် ယှဉ်ပြိုင်ရန် ပယ်ချခံရသူများက ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ရာ ၁ ဦးကိုသာ ပြန်လည် လက်ခံခဲ့ပါသည်။ ရန်ကုန်မြို့တွင်မူ ပယ်ချခံရသူ ၇ ဦး အနက် ၂ ဦးကို ပြန်လည် လက်ခံပေးခဲ့ခြင်း ဖြစ်သည်။
ဖြည့်စွက် ပြောရလျှင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် ကိုက်ညီသော်လည်း ကော်မတီဝင်လောင်း အဖြစ် ဝင်ရောက် အရွေးမခံသူများအား ခင်ဗျားတို့မှာ စီးပွားရေးလည်း ပြည့်စုံတယ်၊ မြို့အရေးကိစ္စကိုလည်း စိတ်ဝင်စားတယ်၊ အဲဒါကို ဘာလို့ ကော်မတီဝင် ရွေးကောက်ပွဲ မဝင်တာလဲ ခင်ဗျာ ဟု မေးကြည့်ခဲ့ပါသည်။
သူတို့က စည်ပင်ဥပဒေ အခန်း ၅၊ ကော်မတီဝင်များ ခန့်အပ်ခြင်း ဆိုသည့် အပိုင်းကို လက်ညှိုး ထိုးပြပါသည်။ ယင်း စည်ပင် ဥပဒေ အခန်း ၅ တွင် အစိုးရအဖွဲ့သည် ဥက္ကဋ္ဌမှအပ ကော်မတီဝင် တဦးဦးသည် လုပ်ငန်းတာဝန်များမှ အားလုံးကို ဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ထမ်းဆောင်ရန် ပျက်ကွက်ခဲ့လျှင်၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခဲ့လျှင် ဖြစ်စေ၊ စုံစမ်း စစ်ဆေးပြီးနောက် ပေါ်ပေါက်ပါက ၎င်းကော်မတီဝင်အား ရာထူးမှ ထုတ်ပယ်သည့် အမိန့်ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။
ဤမှ မကသေးပါ။ စည်ပင် ဥက္ကဋ္ဌမှအပ ကော်မတီတရပ်လုံးအားလည်း ဖျက်သိမ်းသည့် အမိန့် ချမှတ်နိုင်ပါသေးသည်။ နောက်ဆုံးပိတ် ကတော့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည် တဲ့။ လုပ်ငန်း လုပ်ကိုင်ရာတွင် မည်သူမဆို အမှားအယွင်း ရှိနိုင်ပါသည်။
ရံဖန်ရံခါတွင် အစိုးရအဖွဲ့နှင့် အတိုက်အခံ လုပ်ရသည့်အခါမျိုးလည်း ရှိနိုင်ပါသည်။ လူကြီးများ အကြိုက် လက်ညှိုးထောင် ခေါင်းညိတ် မလုပ်ဘဲ ပြည်သူများ အတွက် အမုန်းခံ ရပ်တည် လုပ်ဆောင်လျှင် အငြိုးထားပြီး အမှားအယွင်း အနည်းငယ်ကို ထောက်ပြကာ ကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ခံရနိုင်ခြေ ရှိသည့် အတွက် လက်ရှိ ကိုယ်ပိုင် စီးပွားရေး လုပ်ဆောင်နေသည့် စီးပွားရေး သမားများ၊ နိုင်ငံရေးကို စိတ်ဝင်စားသည့် မြို့ခံများ အနေဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု နည်းပါးခြင်းလည်း ဖြစ်နိုင်ပါသည်။ ကော်မတီဝင် လောင်းများ ကိုသာ  တင်းကျပ်ထားသည် မဟုတ်ပါ။ ကော်မတီဝင်များကို ရွေးချယ်မဲ ပေးမည့် ပြည်သူများ အတွက်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ဖြစ်ပါသည်။
မဲပေးမည့် နေ့မှာ ဖုတ်ဖက်ခါ ထပြီး ပေး၍ မရပါ။ ဝီရိယ စိုက်ထုတ်ရမည် ဖြစ်ပါသည်။ အိမ်ထောင်စု တစုတွင် လူတဦးသာ မဲပေးခွင့် ရမည့် စည်ပင် ရွေးကောက်ပွဲတွင် မဲပေးမည့်သူ သည်  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားကာ ၂၀၁၅ ခုနှစ် မန္တလေးမြို့တော်၊ စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်တင်မြှောက်ရေး မဲစာရင်းတွင် အမည်စာရင်း ထည့်သွင်းပေးပါရန် တောင်းဆိုလွှာဟု ရေးထိုး ထားသည့်  လျှောက်လွှာ စာရွက်နှစ်ရွက် အပေါ်တွင် တောင်းဆိုသူအမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ နေရပ်လိပ်စာများ ရေးထိုးကာ မဲစာရင်းတွင် ပါဝင်နိုင်ရန် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ပါကြောင်း၊ အထောက် အထား သက်သေများ ရှိပါကြောင်း တင်ပြကာ အထက်ပါအချက်အားလုံးမှန်ကန်ပါကြောင်း ဝန်ခံချက် လက်မှတ် ရေးထိုးရဦးမည် ဖြစ်သည်။
မပြီးသေးပါ။ အုပ်ချုပ်ရေးမှူးက မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးသည် ဆိုသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ မတ်လ ၃ ရက်နေ့တွင် မဲပေးခွင့် ရရှိမည် ဖြစ်ပါသည်။ ပြည်သူများ လိုလိုလားလား မဲပေးချင်အောင် စည်းရုံး လုပ်ဆောင်နေတာလား၊ မဲမပေးချင်အောင် အဆင့်ဆင့်ကြပ်နေကြ တာလား ဟု မေးခွန်း ထုတ်လိုက်ချင်ပါသည်။
မည်သို့ပင် ဆိုစေ ယခင်က တဦးတယောက်တည်း ညွှန်ကြားမှုဖြင့် လုပ်ဆောင်နေ ကြသော စည်ပင်သာယာ အဖွဲ့တွင် ပြည်သူများ တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ ယခုကဲ့သို့ ပါဝင်ဆောင်ရွက်ခွင့် ရလာသည်နှင့် နှိုင်းယှဉ်လျှင် ကြိုဆိုရမည့် ကိစ္စ၊ ဝမ်းသာရမည့် ကိစ္စသာ ဖြစ်ပါသည်။
ရန်ကုန်မြို့တွင် စည်ပင်ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပါပြီ။ မန္တလေးမြို့တွင်လည်း မကြာမီ ကျင်းပတော့မည် ဖြစ်ပါသည်။ နောင် အစိုးရသက်တမ်းတွင် နောက်တကြိမ် ကျင်းပမည့် စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲတွင် တခြားတခြားသော မြို့ကြီးများတွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲများ အတွက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူ တခဲနက် ပါဝင်ယှဉ်ပြိုင်နိုင်သော အခင်းအကျင်းများ၊ ဥပဒေများ၊ ဖြေလျှော့မှုများ ပြဋ္ဌာန်း လုပ်ဆောင် ပေးနိုင်မှသာ ဒီမိုကရေစီ အစိုးရ ပီသပါလိမ့်မည်။
ဖြေသာစရာ တခုတော့ ရှိပါသည်။ ယခု ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်များ၏သက်တမ်းမှာ ယခုအစိုးရ၏ သက်တမ်းနှင့် တူတူဖြစ်ပါသည်။ တာဝန်ထမ်းဆောင်ချိန် ၁၀ လ ဝန်းကျင်သာ ရှိတော့သည့် အတွက် မဲပေးမှားခဲ့လျှင် လည်း ၁၀ လ အကြာတွင် ပြန်လည်ပြင်ဆင်နိုင်သည့် အခွင့်အရေး တခုတော့ ကျန်ရှိပါသေးသည်။     ။
(ဖိုးစမ်းချောင်း(GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။)
ဧရာဝတီ

No comments:

Post a Comment