Wednesday, April 8, 2015

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး ပဲခူးတွင် လူ ၅၀၀ ခန့်ဆန္ဒရန် စီစဉ်

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် အဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူ ပြည်သူများလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၁၀ ရက်တွင် ပဲခူးမြို့၌ လူအင်အား ၅၀၀ ခန့်ဖြင့် ပြုလုပ်မည်ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေးစီစဉ်သူ ကိုဇင်မျိုးအောင်က မဇ္ဈိမကိုပြောသည်။
ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲကို မနက် ၇ နာရီခွဲအချိန်တွင် ပင်စည်းဈေးအနီးမီးပွိုင့်မှ စတင်မည်ဖြစ်ပြီး ဇိုင်းဂနိုင်းရပ်ကွက် မြောက်ပိုင်း  မနက် ၁၁ နာရီ အချိန်တွင် ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ ဟောပြောပွဲတွင် ပဲခူးမြို့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့(ဗကသ) ဥက္ကဋ္ဌ ကိုမျိုးကိုကိုခိုင်၊ ပဲခူးမြို့ ဗကသ အဖွဲ့ဝင်တစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦးတို့က ဟောပြောမည်ဖြစ်သည်။

ကိုဇင်မျိုးအောင်က “အဓိကကတော့ ဖမ်းဆီးခံကျောင်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့အတွက်ပါ။ အခု ဖြစ်သွားတဲ့ ကိစ္စမှာကျောင်းသားတွေ မလွန်ပါဘူး။ ”ဟုပြောသည်။
ဆန္ဒထုတ်ဖော်လမ်းလျှောက်ခွင့် ၊ဟောပြောခွင့်များအတွက်ခွင့်ပြုမိန့်တင်ထားပြီးဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ပဲခူးမြို့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့(ဗကသ) ဥက္ကဋ္ဌ ကိုမျိုးကိုကိုခိုင်က “ အဓိကကတော့ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ် အဆင့်ဆင့်ကို ဟောပြောပွဲမှာ အမှန်အတိုင်းပြောပြသွားမှာပါ။ ကျောင်းသားတွေက လေးပွင့်ဆိုင် သဘောတူညီချက်တွေကို မဖောက်ဖျက်ခဲ့တဲ့အကြောင်း၊ အစိုးရက  လေးပွင့်ဆိုင် သဘောတူညီချက် တွေကို မလိုက်နာခဲ့တဲ့အကြောင်းတွေပါ။ ”ဟုပြောသည်။
ဆန္ဒထုတ်ဖော်လမ်းလျှောက်ပွဲတွင် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရသည် ပဲခူးမြို့ ဗကသ အဖွဲ့ဝင်လေးဦးနှင့် ကျောင်းသားသပိတ် ပင်မ စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားခေါင်းဆောင်များ၏ ဓါတ်ပုံများကို ကိုင်စွဲထားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီခံကျောင်းသားများနှင့် ဝန်းရံသူများကို အမြန်ဆုံးလွတ်ပေးရန် လိုအပ်သည်ဟု ကိုဇင်မျိုးအောင်က ဆိုသည်။
ဆန္ဒပြပွဲ အတွက် ကြွေးကြော်သံများမှာ ကျောင်းသားထုအရေ- ဒို့အရေး၊ ကျောင်းသားထုကို အကြမ်းဖက်သူ ဒို့ရန်သူ၊ အကြမ်းဖက်ဖြိုခွင်းမှု အလိုမရှိ၊ အဖမ်းဆီးခံ ကျောင်းသားပြည်သူများ ချက်ခြင်းလွှတ်၊ လေးပွင့်ဆိုင် သဘောတူညီချက်များလိုက်နာရေး ဒို့ရေး တို့ဖြစ်သည်။
ဒီမိုကရေစီ ပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ကျောင်းသားနှင့်ထောက်ခံသူများသည် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့မှ ရန်ကုန်သို့ ချီတက်ရန် ကြိုးပမ်းစဉ် ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ကျောင်းသားများနှင့် ဝန်းရံသူ ၆၉ဦး ဖမ်းဆီးခံခဲ့ရပြီး  ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားစွဲဆိုထားပြီး ဧပြီ ၇ ရက်တွင် ဒုတိယ အကြိမ် ရုံးထုတ်ခဲ့သည်။
Mizzima

No comments:

Post a Comment