Wednesday, April 22, 2015

ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ညီလာခံ ကျင်းပမည်

မန္တလေး (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ဆရာမများ သမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်၍ ပထမဆုံးအကြိမ် ဆရာ၊ ဆရာမများ ညီလာခံကို  မေ  ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို့၌ ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ဆရာ၊ ဆရာမ သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက မဇ္ဈိမကို ပြောသည်။
အဆိုပါ ညီလာခံကို မန္တလေးမြို့  ၅၃ လမ်း၊ ၇၃ လမ်းထောင့်ရှိ Hotel Hazel တွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ  ကျင်ပသွားမည် ဖြစ်သည်။

ဦးသုတက "ကျွန်တော်တို့ ပညာရေးစနစ်က ဘာမှမပြောင်းလဲဘူး။ ဒုံရင်းဒုံရင်း ဖြစ်နေတယ်။ ဒါကြောင့် ပညာရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ ညီလာခံ ကျင်းပတာပါ။ ဒီညီလာခံကနေ ရလဒ်တွေထွက် လာမှာပါ"ဟု ပြောသည်။
အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာအဆင့်မှ ကိုယ်စားပြု ဆရာ၊ ဆရာမများနှင့် ပြင်ပပုဂ္ဂလိက စာသင်ကျောင်းများမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အပါအဝင် ၃၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု ဦးသုတက ဆိုသည်။  စိတ်ပါဝင်စား၍ ထပ်မံတက်ရောက်မည့် ဆရာ၊ ဆရာမများ ရှိလာပါကလည်း အဆင်ပြေစွာ တက်ရောက်နိုင်ရန် နေရာများလည်း စီစဉ်ထားပြီး  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)မှ ဒေါက်တာ သိန်းလွင်နှင့်  တာဝန် ရှိသူများလည်း တက်ရောက်ကြမည်ဟု ၎င်းက ဆိုသည်။
"နီးလာရင်တော့ တက်မယ့်အဖွဲ့အစည်းတွေကို  သတင်းထုတ်ပြန်ပေးသွားမှာပါ။ စိတ်ပါဝင်စားလို့ လေ့လာမယ့်သူတွေကတော့ ကျွန်တော်တို့ဆီမှာ စာရင်းတော့ ပေးရမှာပါ" ဟု ဦးသုတက ပြောသည်။
အဆိုပါညီလာခံ ပထမနေ့တွင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးကြမည် ဖြစ်ပြီး ဒုတိယနေ့တွင် မြန်မာနိုင်ငံဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်တွင် တရားဝင် တာဝန်ထမ်းဆောင်ရန်  ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါညီလာခံနှင့် ပတ်သက်၍ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေကလည်း "အခုလို ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ဒီမိုကရေစီပညာရေးစနစ်အတွက် ညီလာခံကြီး လုပ်တာဆိုတော့ ဂုဏ်လည်းယူတယ်။ ဝမ်းလည်းသာပါတယ်။ ကျွန်တော်တို့ ဒီညီလာခံကနေ အများကြီး မျှော်လင့်ထားပါတယ်။ ဆရာ၊ ဆရာမများသမဂ္ဂမှာ တာဝန်ယူကြမယ့် ဆရာတွေ ရွေးချယ်တဲ့နေရာမှာလည်း အမှန်တကယ် မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့် ဆရာ၊ ဆရာမတွေကို ရွေးချယ်စေချင်ပါတယ်" ဟု မဇ္ဈိမ ကို ပြောသည်။
အဆိုပါညီလာခံမှ ထွက်ပေါ်လာမည့်  အချက်အလက်များကို မြန်မာနိုင်ငံ ပညာရေးမြှင့်တင်ရေးအတွက် သမဂ္ဂက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
Mizzima 

No comments:

Post a Comment