Saturday, April 4, 2015

နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားနေသည့် နေရာတွင် တရုတ်အလံစိုက်ထူ၍ ဒေသခံများ ကန့်ကွက်



နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပွားနေသော တရုတ်-မြန်မာ နယ်စပ်အနီး နမ့်ခမ်းမြို့နယ် ကုန်းဆာရွာအနီး မြေနေရာကို တရုတ်လက်နက်ကိုင် အဖွဲ့ဝင်များနှင့် တရုတ်အစိုးရ တာဝန်ရှိသူများက တရုတ်နိုင်ငံအလံ စိုက်ထူသောကြောင့် ဒေသခံများက ကန့်ကွက်မှု ဖြစ်ပွားကြောင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းထွန်းလှက The Voice သို့ ပြောကြားသည်။ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ တရုတ်အစိုးရဘက်မှ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်သော ၁၇ ဦး ကိုယ်စားလှယ်အဖွဲ့သည် နမ့်ခမ်းမြို့နယ် ကုန်းဆာရွာအနီးရှိ မြေနေရာတွင် အလံလာစိုက်ထူခြင်းကြောင့် ဒေသခံပြည်သူ ၄၀၀ ဦးကျော်က ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းနောက် နှစ်နိုင်ငံပိုင်နက် အငြင်းပွားရာ မြေနေရာတွင် အလံစိုက်ထူခြင်း မပြုလုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်စာကို နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ပေးအပ်ရှင်းလင်းပြီးနောက် ယင်းအဖွဲ့ တရုတ်နိုင်ငံဘက် အခြမ်းသို့ ပြန်သွားကြောင်း ၎င်းက ရှင်းပြသည်။
“သူတို့က ရွှေလီမြစ်ပေါ်ကို တံတားထိုးဖို့အတွက် ဒီဘက်က သူတို့ပိုင်တဲ့ မြေပေါ်ကို တိုင်းတာမှုတွေ လာလုပ်တာလို့ ပြောတယ်။ အဲဒါ ဒေသခံတွေက ဝိုင်းပြီး အော်ဟစ်ကန့်ကွက်ကြတော့ ရုတ်ရုတ်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ မြို့နယ်မှူး လာပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အငြင်းပွားနေတဲ့ မြေနေရာပေါ်မှာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဘာမှလုပ်လို့မရဘူးလို့ ရှင်းပြမှ ပြန်သွားကြတယ်။ နေ့လယ် ၁၁ နာရီလောက်မှ ပြန်သွားတာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ နှစ်နိုင်ငံ နယ်မြေအငြင်းပွားနေသော မြေနေရာတွင် တရုတ်နိုင်ငံဘက် အခြမ်းမှ လာရောက်ကြည့်ရှုမှုသည် သုံးကြိမ်မြောက် ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ လက်နက်ကိုင်များ ပါဝင်ပြီး အလံစိုက်ထူခြင်း ဖြစ်ကြောင်း ကုန်းဆာကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက “အဲဒီကိစ္စဖြစ်တာ ဟုတ်ပါတယ်။ ဖြစ်နေတဲ့ အချိန်ကတည်းက သွားပြီး ရှင်းလင်းပြီးပါပြီ။ အခုအားလုံး အေးအေးဆေးဆေး ဖြစ်နေပြီ” ဟု ဆိုသည်။
အဆိုပါ နမ့်ခမ်းမြို့နယ် ကုန်းဆာရွာအနီး နှစ်နိုင်ငံ နယ်စပ်မျဉ်း တစ်လျှောက်တွင် ၂၀၁၄ ခုနှစ်အတွင်း နယ်ခြားမှတ်တိုင်များ အသစ်ပြန်လည် စိုက်ထူရာတွင် မြန်မာနိုင်ငံဘက်အခြမ်းမှ လယ်ယာစိုက်ပျိုးမြေများ တရုတ်နိုင်ငံဘက် အခြမ်းသို့ ရောက်ရှိသွားသောကြောင့်ဟု ဆိုကာ ဒေသခံများက နယ်ခြားမှတ်တိုင်များကို ဖျက်ဆီးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် နယ်ခြားမှတ်တိုင်များ စိုက်ထူမှုကို ကန့်ကွက်ကြောင်း ဒေသခံများက ဆန္ဒသဘောထား လက်မှတ်ရေးထိုးပြီးနောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြည်နယ်အစိုးရက ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment