Wednesday, April 22, 2015

ရန်ကုန်မြို့တွင် နွေရာသီ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်တက်

ရာသီဥတုပူပြင်းခြင်းက လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်/ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယခုနှစ်နွေရာသီ၌ စံချိန်တင်မြင့်တက်နေကြောင်း ရန်ကုန်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရရှိသည်။ ရာသီဥတုပူပြင်းလာသည့်အတွက် မတ်လကုန်မှစ၍ လျှပ်စစ်ဓာတ်အားသုံးစွဲမှု သိသာစွာမြင့်တက်နေပြီး ယခင်နှစ် ဧပြီအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၉၀၀ ခန့်သာရှိခဲ့ကာ ယခုနှစ်တွင် တစ်ရက်လျှင်မဂ္ဂါဝပ် ၁,၀၀၀ ကျော် ရောက်ရှိနေ၍ ရန်ကုန်မြို့၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုအဖြစ် စံချိန်တင်လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောသည်။

 ‘‘ရာသီဥတုပူတော့ ရေခဲသေတ္တာ၊ အဲကွန်းသုံးစွဲမှုကလည်း များလာပြီး လျှပ်စစ်သုံးစွဲမှုတွေ တက်လာတာပါ။ ရှေ့ဆက်ပြီး တော့လည်း မဂ္ဂါဝပ် ၁၀၀ လောက် ထပ်တက်လာလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ဒီရက်ပိုင်းက သင်္ကြန်ပိတ်ရက်ရှိနေတော့ စက်ရုံ၊အလုပ်ရုံတွေ ပိတ်ထားတာနဲ့ မီးသုံးစွဲမှု နည်းနည်းပြန်ကျသွားတယ်။ အလုပ်တွေပြန်ဖွင့်တာနဲ့ သုံးစွဲမှုပြန်တက်လာမှာပါ’’ဟု ဦး စောဝင်းမောင်က ပြောသည်။
 ရာသီဥတုပူပြင်းလာခြင်းကြောင့်  နေအိမ်များတွင်  အဲကွန်း၊ ပန်ကာနှင့် ရေခဲသေတ္တာများ ၀ယ်ယူသုံးစွဲမှုမှာလည်း ယခု နှစ်ဆန်းမှစ၍ မြင့်တက်လာနေကြောင်း  ရန်ကုန်မြို့တွင်းရှိ အီလက်ထရွန်နစ်ပစ္စည်းအရောင်းဆိုင်များက ဆိုသည်။
‘‘ဒီနှစ်ကတော့ ရောင်းအား ကောင်းတယ်။ လျှပ်စစ်မီးကလည်း မှန်နေတော့ အပူဒဏ်ကာကွယ်တဲ့အနေနဲ့  ပန်ကာတို့၊  ရေခဲသေတ္တာတို့၊  ရေအေးပေးစက်တို့ဆို ပစ္စည်းစောစောပြတ်လို့ ထပ်မှာစုထားရသေးတယ်’’ဟု စိုးကျော်အီလက်ထရွန်နစ် ပစ္စည်းအရောင်းဆိုင်တာဝန်ခံ မဇင်မာအောင်က ပြောသည်။
 အပူဒဏ်ကာကွယ်သည့် အနေဖြင့် လျှပ်စစ်ပစ္စည်းများ သုံးစွဲမှုများလာခြင်းကြောင့် ဓာတ်အားလိုအပ်ချက်ပြည့်မီစေရန် အချိန်နှင့်တစ်ပြေးညီ ချိန်ဆကာ ဓာတ်အားလွှတ်ပေးနေရသည်ဟုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
ဓာတ်အားလိုအပ်ချက်များ ရှိလာပါက ဖြည့်ဆည်းပေးနိုင်ရန် လှော်ကားသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အားပေးစက်အသစ်များ ထပ်မံဝယ်ယူဖြည့်တင်း တပ်ဆင်လျက်ရှိပြီး ဇွန်လကုန်တွင် ဓာတ်အားတိုးမြှင့်ထုတ်လွှတ်ပေးနိုင်ရန်  မျှော်မှန်းထားသည်ဟု ဆိုသည်။
 မြန်မာတစ်နိုင်ငံလုံးအနေ ဖြင့်  လျှပ်စစ်သုံးစွဲမှုမှာ  မဂ္ဂါဝပ် ၂,၃၀၀ ခန့်ရှိပြီး  ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း၌ သုံးစွဲမှုမှာ ယင်းပမာဏ၏ ထက်ဝက်ခန့်ရှိ နေသည်။ ဓာတ်အားအများစုမှာ ရေအားလျှပ်စစ်စက်ရုံများမှ ပေးပို့ခြင်း ဖြစ်၍ ရာသီဥတုပူပြင်းခြင်းကြောင့် ဆည်ရေခန်းခြောက်ကာ ဓာတ်အားထုတ်လွှတ်မှုလျော့ကျမည်ကို  စိုးရိမ်မှုများရှိနေသည်။
 သင်္ကြန်တွင်းနှင့် ယခုရက်များအတွင်း မြို့နယ်အချို့၌ ယာယီဓာတ်အားပြတ်တောက်မှုများ ရှိခဲ့သည့်အတွက် ယခင်ကဲ့သို့ အချိန်ပိုင်းဓာတ်အားပေးလွှတ်မှု စနစ်ပြောင်းလဲလာမည်ကို စိုးရိမ် မှုများရှိနေသည်။
‘‘အကြာကြီးတော့ ပြတ်တာ မဟုတ်ဘူး။ မိနစ်ပိုင်းလောက် မီးပြတ်တာမျိုးတွေ ရှိလာတော့ အရင်လို ဓာတ်အားမလုံလောက်မှာကို စိုးရိမ်နေတာ’’ဟု မင်္ဂလာဒုံ မြို့နယ်နေ အအေးဆိုင်ဖွင့်ထားသူ ကိုမင်းနိုင်က ပြောသည်။
7Day Daily 

No comments:

Post a Comment