Saturday, April 4, 2015

ရန်ကုန်လေဆိပ် လုံခြုံရေး ကျိုးပေါက်မှုတွေရှိနေပြီလား


မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ မောရစ်သျှနိုင်ငံသား ပတ်စ်ပို့အတုကိုင်ဆောင်သူ အာဖဂန်နစ္စတန် နိုင်ငံသားသုံးဦးကို ပြန်ပို့ လိုက်သည့် ဖြစ်စဉ် တစ်ခု ဖြစ် ပွားခဲ့သည်။
ယင်းမောရစ်သျှ နိုင်ငံသားပတ်စ်ပို့အတုကိုင်ဆောင်သူသုံးဦးသည် လွန်ခဲ့သည့်တစ်ရက်က မြန်မာနိုင်ငံမှတစ်ဆင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားသူများဖြစ်၏။
အဆိုပါ အာဖဂန်နစ္စတန်နိုင်ငံသားများမှာ မောရစ်သျှနိုင်ငံ ပတ်စ်ပို့အတုကို ကိုင်ဆောင်၍ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ဝင်ရောက် လာခဲ့ပြီး မြန်မာနိုင် ငံတွင်သုံးရက်ခန့် နေထိုင်ပြီး ကိုးရီးယားနိုင်ငံသို့ထွက်ခွာခဲ့သည်။

ကိုရီးယားလေဆိပ်မှ ပတ်စ်ပို့များအား စစ်ဆေးပြီး မောရစ်သျှလေဆိပ်နှင့် ချိတ်ဆက် အတည်ပြုရာမှ ပတ်စ်ပို့အတုများဖြစ်ကြောင်း တွေ့ရှိသဖြင့် ၄င်းတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။

“ ကျွန်တော်တို့လေဆိပ်မှာက နိုင်ငံတကာနဲ့ချိတ်ဆက်မှုအားနည်းတယ်။ နည်းပညာ အားနည်းချက်တွေရှိတယ်” ဟု အဆိုပါဖြစ်စဉ်ကိုပြောပြ သည့် မြန်မာ့လေကြောင်း ဦးစီးဌာနမှ ၀ါရင့်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇေယျာ ( အမည်လွှဲ) ကဆိုသည်။

မြန်မာနိုင်ငံအတွင်းသုံးရက်ကြာနေထိုင်သွားချိန်တွင်အဆိုပါအာဖဂန်နစ္စတန် နိုင်ငံသား သုံးဦး သည် ရန်ကုန်မြို့ စံပြမှတ်တိုင်အနီးရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်သွားသည် ဆိုသည့် အချက်မှလွှဲပြီး မည်သည့်ကိစ္စအတွက် လာရောက်သည်ဆိုသည်ကို မသိကြရ။

မင်္ဂလာဒုံလေဆိပ်တွင် ၄င်း အာဖဂန်နစ္စတန်တို့၁၄ရက်ကြာသောင်တင်
နေပြီးမှမလေးရှား နိုင်ငံမှတစ်ဆင့်အာဖဂန်နစ္စတန် နိုင်ငံသို့ ပြည်နှင်နိုင်
ခဲ့လေသည်။

ထိုအကြောင်းအရာက လေကြောင်းရဲတပ်ဖွဲ့နှင့် လေဆိပ်အသိုင်းအ၀ိုင်း
တွင်သာ သိရှိခဲ့ပြီး ပြည်သူများအကြား သတင်းများထွက်ပေါ်ခဲ့ခြင်းမရှိပေ။
လေဆိပ်ဟူသည် နိုင်ငံတကာနှင့် ဆက်ဆံရသည့်အရေးအကြီးဆုံး တံခါး
ပေါက်ဖြစ်သည့် အတွက် နိုင်ငံတကာတွင် လေယာဉ်ကွင်းလုံခြှုံရေးကို အမြင့်ဆုံးအဆင့်သတ်မှတ်ထားလေ့ရှိသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကား လုံခြုံရေးအားနည်း ချက်များ ရှိနေပြီလား။

“ လေယာဉ်ကွင်းလုံခြုံရေးဆိုတာ တခြားနေရာနဲ့မတူပါဘူး။ နိုင်ငံတကာနှင့် World Wide ချိတ်ဆက်ပြီး ဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့လုပ်ရတဲ့ စံချိန်စံညွှန်းကလည်း ပို့ဆောင်ရေး ၀န်ကြီးဌာနက ချမှတ်ထားတဲ့ လုပ်သင့်လုပ်ထိုက်တာတွေအကုန်လုပ်တယ်” ဟု လေကြောင်း ရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲ ( ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဥက္ကာကိုက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လုံခြုံရေး အဆင့်အတန်းအရ ဇုန်လေးခု သတ်မှတ်ထားသည်။

ခရီးသည်များစတင်ဝင်ရောက်ရာ အ၀င်ပေါက် ဧရိယာကို ဇုန်အေ၊ လ.၀.က၊ အကောက်အခွန်အဖွဲ့များ စစ်ဆေးရာ ဧရိယာကို ဇုန်ဘီ၊ အပေါ်ဆုံးထပ်နှင့် လေယာဉ်ကွင်း အတွင်းကို ဇုန်စီနှင့် ဇုန်ဒီဟု ခွဲခြား သတ်မှတ်ထားသည်ဟု လေကြောင်းရဲဌာနမှ အမည်မဖော်လိုသူ ရဲအုပ် အဆင့်အရာရှိ တစ်ဦးထံမှ သိရသည်။

ဇုန်အလိုက် တာဝန်ရှိဝန်ထမ်းများကို လည်း ခွဲခြားထားပြီး တာဝန်ရှိသည့် ဇုန်မှအပ အခြားဇုန်များသို့ ၀န်ထမ်းများမ၀င်ရောက်နိုင်ရန်လည်း သတ်မှတ်ထားသည်။ သို့သော်လည်း သတ်မှတ်ချက်ထက်ကျော်လွန်ကာ လုပ်ဆောင်မှုများ ရှိနေသည်။

“ ဧရိယာအေမှာ တာဝန်ကျတဲ့လူက ဘီမှာလည်း လုပ်စရာရှိနေတယ်။ ဒီတော့သူက ဘီကိုဝင်လာတယ်။ ဒီတော့လုံခြုံရေးကတားတယ်။ ဘီမှာလုပ်ရမယ့်အလုပ်ကလည်း သူတကယ် လုပ်ရမယ့်အလုပ်။ အဲဒီမှာ အဖွဲ့အချင်းချင်း ထိပ်တိုက်တွေ့ကြရော။ အပေါ်ရောက်တော့ လူကြီးချင်း ပြေလည်သွားပြီး အေတာဝန်ကျကို ဘီကို ၀င်ခွင့်ပြုလိုက်ရတယ်။ အဲဒီလိုအခြေအနေတွေ ဖြစ်လာတော့ နောက်ပိုင်းကျွန်တော်တို့ လုံခြုံရေးကလည်း ငါတို့ပဲအမုန်းခံရတယ်ဆိုပြီး ဇုန်အလိုက် တားဆီးတာမလုပ်တော့ဘဲ တာဝန်ရှိတယ် ဆိုရင်လွှတ်ပေးလိုက်တော့တာ” ဟုအဆိုပါ ရဲအရာရှိကဆိုသည်။

ထိုကဲ့သို့ လေယာဉ်ကွင်းတာဝန်ကျ သည့်ဌာနဆိုင်ရာ ၀န်ထမ်းအသီးသီး ကို လေဆိပ်လုံခြုံရေး နယ်နိမိတ်အားလုံး ၀င်ခွင့်ပြုလိုက်သည့်အတွက် ဌာနဆိုင်ရာ ၀န်ထမ်းများမှာ မူရင်း တာဝန်ထက် ဇုန်များသို့ဝင်ရောက်ကာ ဆမာရိုက်ခြင်းကိုသာ ဦးစားပေးကြတော့သည်။

ဆမာရိုက်သည်ဆိုသည်မှာ လေဆိပ်လောကသားတို့၏ဘန်းစကားဖြစ်သည်။
ခရီးသည်တစ်ဦးလျှင် ပြည်ပ ( ၂၂) ကီလို၊ ပြည်တွင်း ( ၂၀) ကီလိုခန့်သာ သယ်ယူခွင့်ပြုထားသဖြင့် အပိုသယ်ယူလိုသောခရီးသည်များအား လာဘ်ငွေယူညှိနှိုင်းရာတွင် သုံးသောအသုံးအနှုန်းဖြစ်သည်။

ယခင်ကတော့ အိတ်ဆွဲဟု သုံးနှုန်းကြသည်။

“ အဓိက လုံခြုံရေးပြဿနာက ဆမာအထုပ်ဆိုရင် စစ်ဆေးတဲ့ဝန်ထမ်းတွေက ပေါ့သွားတယ်။ သေချာမစစ်တော့ဘူး။ ဒါငွေပေးပြီး ပိုတင်တဲ့ပစ္စည်းမို့လို့ ကိုယ့်လက်ကမြန်မြန်လွတ်သွားစေ ချင်ကြတယ်” ဟု ကိုဇေယျာက ဆိုသည်။

ထိုကဲ့သို့ ဆမာရိုက်ထားသည့် အထုပ်များကို စစ်ဆေးရန် ပေါ့လျော့မှုကြောင့် ၂၀၁၃ ခုနှစ်က နိုင်ငံခြားသားတစ်ဦး၏အိတ်အတွင်း ကျည်ဆန်ပါသွား သည်ကို လေဆိပ်တာဝန်ရှိသူများမသိလိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေး
သည်ဟု ယင်းကဆိုသည်။

ထိုဖြစ်စဉ်တွင်လည်း ဘန်ကောက်လေဆိပ်ရောက်မှ အဆိုပါနိုင်ငံခြား သားအိတ်အတွင်း ကျည်ဆန်ပါလာကြောင်း စစ်ဆေးတွေ့ရှိမှ မြန်မာလေဆိပ် တာဝန်ရှိသူများ သိခဲ့ရသည်ဟု ဆိုသည်။

ရန်ကုန်လေဆိပ်တွင် X’ ray စက်က နှစ်ခုရှိပြီး အဆိုပါစက်များအား ပိုင်အိုနီးယား ကုမ္ပဏီမှအလှည့်ကျဝန်ထမ်းတစ်ဦးနှင့်တာဝန်ကျလေကြောင်း ရဲတပ်ဖွဲ့ဝင်များမှ စိစစ်ကြသည်။

ဇုန်ဒီရှိ လေယာဉ်ပေါ်တက်ခါနီးFinal Check Xraysမှာတော့ လေကြောင်း
ရဲတပ်ဖွဲ့ဝင်များက အတင်းကျပ်ဆုံး စိစစ်ကြသည်။

“ X’ray ကတော့ အန္တရာယ်ရှိပစ္စည်း တွေမပါနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ X’ray စက်မှာ အကုန်ပေါ်နေလို့ပဲ” ဟု ဒုတိယရဲမှူးကြီး ဥက္ကာကိုက အာမခံထားသည်။

သို့သော်ငြား X-ray စက်မှ မည်သည့်အရာများ မည်သို့ဖြတ်သန်း သွားသည် ဆိုသည်ကို ကိုယ်တိုင်စမ်းသပ်စစ်ဆေးခဲ့သူ အကြမ်းဖက်မှု နှိမ်နှင်း
ရေး အထူးရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးကမူ-

“ လေဆိပ်မှာ တပ်ဆင်ထားတဲ့ X-ray စက်မှာ တာဝန်ကျတဲ့လူတွေ ကျွမ်းကျင်မှုရှိ ၊ မရှိကို ကျွန်တော့လူတွေကို သေနတ်ငါးလက်နဲ့ဖြတ်ခိုင်းပြီး စမ်းသပ်ကြည့်တာ သေနတ်ငါးလက်လုံး လေယာဉ်ပေါ်ပါသွားတယ်” ဟုရှင်းပြသည်။

ထိုကဲ့သို့ဖြစ်ရခြင်းသည်စက်ကို ကိုင်တွယ်ရသော ၀န်ထမ်းများ၏ မကျွမ်းကျင်မှု၊ ပေါ့လျော့မှုကြောင့် ဖြစ်သည်ဟု အကြမ်းဖက်မှု နှိမ်နင်းရေး အထူး ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး က ဆိုသည်။

“ X-ray စက်ထိုင်တဲ့ ၀န်ထမ်းတော်တော်များများက X-ray စက်ကိုကြည့်ရင် အိတ်ထဲမှာ စိန်ထည်၊ ရွှေထည် တွေပါမလားဘဲဦးစားပေးကြည့်ကြတယ်။ ဒါတွေက မြိုးမြိုးမြက်မြက် ခွင်ရိုက်လို့ရတဲ့ အပေါက်တွေလေ။ ဒီတော့ တခြားဟာကို သိပ်ဂရုမစိုက်ကြဘူး” ဟုလေကြောင်း ဦးစီးဝန်ထမ်းကိုဇေယျာ က ရှင်းပြသည်။

လေဆိပ်တာဝန်ကျ ၀န်ထမ်းအားလုံး အာရုံအစိုက်ဆုံးအချိန်မှာ ရန်ကုန်မြို့မှ စိန်ကုန်သည်ကြီးများ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ စသည့်နိုင်ငံများသို့ ထွက်ခွာသည့်အချိန်ပင်ဖြစ်သည်။

ထိုအချိန်တွင်ကား ကုန်သည်ကြီးများနှင့် လေဆိပ်ဝန်ထမ်းအားလုံး အချိတ်အဆက်လုပ်ကာ ဆမာရိုက်သည့်အချိန် ဖြစ်သည့်အတွက် လုံခြုံရေးပိုင်းအပေါ့လျော့ဆုံး ဖြစ်သလို ၀န်ထမ်းများ ငွေအရွှင်ဆုံး အချိန်လည်းဖြစ်သည်ဟု လေဆိပ်အသိုင်းအ၀ိုင်းမှ သိရသည်။

“ ခရီးသည် အိတ်ထဲမှာ ဒီတိုနေတာ ( မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် အဓိကပစ္စည်း) ကိုတွေ့တာကို X-rays စက်စောင့်ကြည့်ဝန်ထမ်းက ဒီတိုနေတာမှန်းမသိဘဲ ဒါအဆောင်လားဆိုပြီး” မေးနေတဲ့ဖြစ်စဉ်တွေတောင် ရှိခဲ့ဖူးတယ်ဟု X-rays စက်စောင့် ကြည့်ဝန်ထမ်းတို့၏ကျွမ်းကျင်မှုနှင့် ပတ်သက်ပြီးကိုဇေယျာက ရယ်မောကာပြောပြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းလူပုဂ္ဂိုလ် လုံခြုံရေး ကလည်း လျော့တိ လျော့ရဲအခြေအနေပင်။လုံခြုံရေးအဆင့် သတ်မှတ်ထားသော ဇုန်လေးခုတွင် သက်ဆိုင်ရာဇုန်အလိုက် တာဝန်ကျဝန်ထမ်းသာ ၀င်ခွင့်ရှိသည်ဟု စည်းကမ်းသတ်မှတ်ထားသည်။

သို့သော်ငြား တာဝန်ကျလုံခြုံရေးများနှင့်အဆင်ပြေအောင် ညှိနှိုင်းလိုက်ပါက ၀န်ထမ်းမဟုတ်သည့် အပြင်လူများပင် လုံခြုံရေးအတင်းကျပ်ဆုံး ဇုန်ဒီအထိ ၀င်ထွက်နိုင်သည်။

“ အရေးကြီး ဧည့်သည်တွေကို လိုက်ပို့တိုင်း လေယာဉ်ကွင်းထဲအထိ လိုက်ပို့ဖြစ်တယ်။ ဇုန်A ၊ ဇုန်B ၊ ဇုန်C နှစ်ခုကို ခြောက်ထောင် ၊ ဇုန် C ၊ ဇုန် D နှစ်ခုကိုခြောက်ထောင်ပေးလိုက်တာနဲ့ ၀င်ခွင့်ကတ်ပြားပေးလိုက်တော့ တာပဲ။ အိတ်ဆွဲဝန်ထမ်းတွေက တစ်ဆင့်လုပ်ခိုင်းလို့ရတယ်လေ” ဟု ခရီးသွားအေဂျင်စီ တစ်ခုမှ မားကတ်တင်းမန်နေဂျာ ဖြစ်သူ မမို့မို့ဝင်း ကလည်း သူ့အတွေ့အကြုံကို ပြောပြလာသည်။

ရန်ကုန်လေဆိပ်ရှိ ပြည်ပထွက်ခွာ ဆိုက်ရောက်လေယာဉ် အစီး( ၈၀) ခန့်တို့မှ ဧည့်သည်များအား ကွင်းထဲအထိ ကြိုပို့လုပ်လိုသူ မည်သူမဆို ပြည်ပတာဝန်မှူးရုံးနှင့် Coustom warehouse တို့တွင် တာဝန်ကျသည့် လေကြောင်းရဲမှ ရဲအုပ်တစ်ဦးနှင့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးထံတွင် ငွေတစ်သောင်းနှစ်ထောင်ကျပ် ပေးရုံနှင့်လည်း လုံခြုံရေးဝင်ခွင့်ကတ်ပြားကို ရရှိနိုင်သည်။

ငွေကြေးမပေးနိုင်သူများအဖို့လုံခြုံရေးနေရာများအထိ သွားရောက်ကြိုဆိုလို လျှင် လေကြောင်းတပ်ဖွဲ့ခွဲမှူးရုံးသို့ တစ်ရက်ကြိုတင် စာတင်ရလေ့ရှိသည် ဟုလည်း မမို့မို့ဝင်းထံမှ သိရသည်။

“ ပို့ဆောင်ရေးဝန်ကြီးဌာနမှာလေဆိပ် လုံခြုံရေးဌာနဆိုတာ ရှိတယ်။ လေဆိပ်လုံခြုံရေး ကတော့ နိုင်ငံတကာအဆင့်နဲ့လေဆိပ် အဆင့်က ICAO international civil Aviation Organization လို့ခေါ်တဲ့ အဲဒီအဖွဲ့ကနေ စံညွှန်းတွေချပေးထာပြီးသားအတိုင်းပဲ ကျွန်တော်တို့ အဖွဲ့တွေကလည်း သင်တန်းတွေတက်ပြီး လက်ရှိဆောင်ရွက်နေတာပါ” ဟု ဒုတိယရဲမှူးကြီး ဥက္ကာကိုက လေဆိပ်လုံခြုံရေးနှင့် ပတ်သက်ပြီးဆိုသည်။

သို့သော် အာဖဂန်နစ္စတန်ကဲ့သို့သော အကြမ်းဖက်သမားများ ခိုလှုံရာ နိုင်ငံတစ်ခုမှ နိုင်ငံသားများ ပတ်စ်ပို့အတုကိုင်ဆောင်ကာ လေဆိပ် အပေါက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ခပ်တည်တည်ပင် ၀င်ရောက်ခဲ့ကြ ဖူးသည့်ဖြစ်စဉ်။

နိုင်ငံခြားသားတစ်ဦးမှကျည်ဆန်များကိုအိတ်အတွင်းထည့်ကာ မြန်မာ့
လေကြောင်းဖြင့် ဘန်ကောက်သို့ အေးအေးဆေးဆေး ထွက်ခွာ သွားခဲ့ဖူး သည့်ဖြစ်စဉ်။
အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကလည်း အရပ်ဝတ်ဖြင့် အသွင်ယူကာ လေယာဉ်ပေါ်အထိ လက်နက်များ ခိုးဝှက်ယူဆောင်ပြီး လုံခြုံရေးအခြေအနေ အားစမ်းသပ်ခဲ့ကြသည့် ဖြစ်စဉ်။

အဆိုပါလုံခြုံရေးကျိုးပေါက်သည့်ဖြစ်စဉ်များကားလေဆိပ်အသိုင်းအ၀ိုင်းနှင့်တာဝန်ရှိသူများ အကြားတွင် တိုးတိုးတိတ်တိတ်သာ ပြီးသွားခဲ့ဖူး သည် ။

လေယာဉ်ကွင်းနှင့်လေယာဉ်ဆိုသည်ကား ကမ္ဘာ့အကြမ်းဖက်သမားတို့၏ မျက်စိအကျဆုံးပင်။

ဝန်ထမ်းလောကတွင်ဘာမှ မဖြစ်လျှင်ဘာမှ မဖြစ်ဘူးဆိုသည့်စကားက
ခေတ်စားလှသည်။

တရားဝင် ပြည်ပသို့ ထုတ်ယူသယ်ဆောင်ခွင့်မရှိသည့် ရွှေနှင့် စိန်ထည် ပစ္စည်းများကား လေဆိပ်ဝန်ထမ်းများ၏ မျက်စိဟုဆိုသည့် X- rays စက်ကြီးရှေ့တွင်ပင် သိလျက်နှင့် ပြည်ပသို့ ငွေလမ်းခင်းကာ ထွက်သွားနေကြသည်။

ဆမာရိုက်ခြင်း၊ စိန်ကုန်သည်မျှော်ခြင်း၊ ကျွမ်းကျင်မှုအားနည်းခြင်းတို့ကြောင့် လုံခြုံရေး ကျိုးပေါက်မည့် အခြေအနေက သတိပြုဖွယ်ဖြစ်နေသည်။

“ အခုလေဆိပ် လုံခြုံရေးအဆင့်အတန်းကို မှတ်ချက်ပေးရရင်တော့ ဘယ်သူမဆို လေယာဉ်ပေါ် ဗုံးသယ်သွားလို့ရတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကြမ်းဖက်မှု နှိမ်နင်းရေးအထူးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲ အရာရှိကြီး က လေဆိပ်လုံခြုံရေး အားနည်းချက်နှင့် ပတ်သက်ပြီး ယခုလိုပင် ပြတ်ပြတ် သားသား ပြောဆိုလိုက်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းကြီး၏ လုံခြုံရေးကျိုးပေါက်မှုက

မသိမသာ ဖြစ်ပေါ်နေသည်။

ထိုအတွက်........အချိန်မီဖာထေးနိုင်ဖို့ပဲ လိုပါသည်။
( Susan)
Myanma Light

No comments:

Post a Comment