Wednesday, April 22, 2015

ဟံသာဝတီ ဦးဝင်းတင်ကို 'ဒီမိုကရေစီရဲဘော်' အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု

ရန်ကုန် (မဇ္ဈိမ)။ ။ စစ်အာဏာရှင်စနစ်ကို တစ်လျှောက်လုံးဆန့်ကျင်ခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် အားကိုးရပြီး အင်အားပြည့်ဝသည့် ဒီမိုကရေစီ ရဲဘော်တစ်ယောက် ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  ဦးဝင်းတင် ကွယ်လွန်သည့် တစ်နှစ်ပြည့်နေ့တွင် ဂုဏ်ပြုစကား ပြောလိုက်သည်။
U-Win-Tin-Decease-08
အမှတ်တရစကား ပြောကြားပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

"ခေါင်းဆောင်နဲ့ ရဲဘော်ဆိုတာ မတူဘူး။ ခေါင်းဆောင်ဆိုတာ အမိန့်ပေးမယ်၊ ထိပ်ကနေပြီး လုပ်မယ်။ ဦးဆောင်မယ်။ ရဲဘော်ဆိုတာ နိစ္စဓူဝ အလုပ်တွေကို အောက်ခြေသိမ်း လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်မက ရဲဘော်လို့ သတ်မှတ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပသော လူ ၅၀၀ ခန့် တက်ရောက်သည့် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် အပြာရောင် ဝတ်စုံ ဝတ်ထားသည့် အတိုက်အခံ ခေါင်းဆောင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"အဲ့ဒီလိုရဲဘော်တွေ ကျွန်မတို့ အများကြီးလိုပါတယ်" ဟုလည်း ဦးဝင်းတင်ကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  
အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားသို့ နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သူ ဦးတင်ဦးနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်တို့က ဂုဏ်ပြုစကားများ ပြောကြားသည်။  
"ဘဘ ဦးဝင်းတင်ဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ရဲဘော်ရဲဘက် ကောင်းတစ်ယောက်လိုလည်း သူနေခဲ့တယ်။ အကျဉ်းအကြပ်ထဲမှာ နောက်ငယ်တဲ့ မျိုးဆက်ကို ဉာဏ်ဆိုင်ရာ၊ အသိဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို အထောက်အပံ့ အားလုံးလုပ်ခဲ့ပါတယ်" ဟု ဦးမင်းကိုနိုင်က ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သူ ဦးတင်ဦးကမူ ဦးဝင်းတင် မရှိတော့သည့်နောက် ပါတီတွင် အားလျော့သွားသည်ဟု ဆိုသည်။ ဟံသာဝတီ ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။  
"ဆရာ ဦးဝင်းတင်ဟာ ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ပါ။ သူ့ခြေရာကို မနင်းနိုင်ပေမယ့် တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ဆောင်သွားကြပါလို့ တိုက်တွန်းပါတယ်" ဟု စာရေးဆရာကြီး တစ်ဦးဖြစ်သူ ဦးမိုးသူက ပြောသည်။  
ဦးဝင်းတင်သည် မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ခြင်းကြောင့် စစ်အစိုးရ၏ နှစ် ၂၀ နီးပါး အကျဉ်းချ နှိပ်စက်မှုကို ခံခဲ့ရပြီး ၂၀၁၄ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။   
ဦးဝင်းတင်ပြောဆိုခဲ့သည့် စကားတစ်ခွန်းဖြစ်သော "ကျွန်တော်ပြောချင်တာက ဒီအစိုးရကို မယုံဘူး၊ ဒါပဲ" ဟူသည့် စကားမှာလည်း လက်ရှိချိန်ထိ ပြောစမှတ် တွင်ကျန်ခဲ့သည်။  
ဦးဝင်းတင်၏ အထက်ပါ ပြောဆိုချက်နှင့်ပတ်သက်ပြီး သက်တမ်း တစ်နှစ်နီးပါးသာ ကျန်တော့သည့် သမ္မတ ဦးသိန်းစိန်၏
ပြုပြင်ပြောင်းလဲရေးသည် ပြည်သူလူထု၏ ယုံကြည်မှုရအောင် စွမ်းဆောင်ပေးနိုင်မှု ရှိ၊ မရှိ မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဦးမင်းကိုနိုင်က တိကျသည့်မှတ်ချက် မပေးခဲ့ပေ။  
"အဲ့ဒီစကားကို ကျွန်တော်တို့ ပြည်သူတွေဘက်က ငြင်းတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဘဘ ဦးဝင်းတင် ပြောတာကို သဘောမတူဘူးဆိုတဲ့ လူလည်း ကျွန်တော်တစ်ခါမှ မကြာဖူးဘူး။ အဲ့လောက်ပါပဲ" ဟုသာ ဦးမင်းကိုနိုင်က ဖြေကြားခဲ့သည်။  
ဆရာကြီးဦးဝင်းတင်မှာမူ မကွယ်လွန်ခင် ငါးလအလိုအထိပင် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို မေးခွန်းထုတ် ဝေဖန်ခဲ့သူ တစ်ဦး ဖြစ်သည်။  
"ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာပြုပြင်ပြောင်းလဲရေးတုန်းလို့ မေးစရာ ရှိလာတယ်" ဟု ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ညက ၎င်း၏ နေအိမ်တွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဦးဝင်းတင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
Mizzima 

No comments:

Post a Comment