Wednesday, April 8, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံသို့ ကိုးကန့်တပ်ဖွဲ့ တက်မည်

MNDAA
၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းက ကရင်ပြည်နယ် လော်ခီးလာ၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံ(ဓာတ်ပုံ – မေခ/ဧရာဝတီ)
ဧပြီလအတွင်း NCCT က ဦးဆောင်ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံတွင် လက်ရှိအချိန် ၌ အစိုးရနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
“ဘယ်သူ တက်ရောက်မလဲ ဆိုတာ ကျနော်တို့ မဆွေးနွေးရသေးဘူး။ ဖိတ်စာ မရောက်သေးဘူးဗျ။ လုံခြုံရေးလည်း တာဝန်ယူ တယ် ဆိုရင် တက်လို့ ရပါတယ်”ဟု MNDAA ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မူကြမ်းကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က သမ္မတ ဦးသိန်းစိန် ရှေ့မှောက်တွင် ပဏာမ သဘောတူ လက်မှတ်ထိုးကြခဲ့ကြသည်။
လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့နှင့် ‘၀’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင် တပ်မတော် (AA) တို့က ပါဝင်လက်မှတ်ထိုးခြင်း မရှိပေ။
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၂ ဖွဲ့လုံးကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးညီလာခံ တက်ရောက်ရန် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း မီဒီယာများကို ပြောကြားထားသည်။
အဆိုပါ တိုင်းရင်းသား ထိပ်သီးညီလာခံ၌ NCCT က လက်မှတ်ရေးထိုးခဲ့သည့် NCA မူကြမ်းစာချုပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များကို တင်ပြ ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ကျင်းပမည့် စတုထ္တ အကြိမ် ထိပ်သီးညီလာခံ နေ့ရက်နှင့် နေရာကို NCCT က အတည်ပြုခြင်း မရှိသေးပါ။
MNDAA ကိုးကန့်တပ်ဖွဲ့ ထိပ်သီးညီလာခံ တက်ရောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး NCCT ကိုယ်စားလှယ်များကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
အစိုးရကမူ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ကြောင်း ပြောကြားထားသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီး ညီလာခံများကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့၌ ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ပထမအကြိမ်၊ ကရင် အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် လော်ခီးလာ ၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ တွင် ဒုတိယ အကြိမ်နှင့် တတိယ အကြိမ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် လိုင်ဇာ၌ ကျင်းပခဲ့ သည်။
ဧရာဝတီ

1 comment:

  1. ကိုးကန့် ကိုခေါ်ဆွေးနွေးလို့ ကတော့ စာချုပ်ဖျက်သိမ်းပြီးအပြုတ်သာတိုက်ပစ်ပါ။ဆွေနွေးပွဲမှာပါတဲ့ အဖွဲ့ အားလုံးကတပ်မတော်ကိုတိုက်လို့ မနိုင်တဲ့ အဖွဲ့ တွေပါ။တိုက်လို့ မနိုင်တော့ စာပွဲဝိုင်းမှာအနိုင်ယူချင်တဲ့ ကောင်တွေပါ။ပြတ်ပြတ်သားသားလုပ်မှရမည့် ကိစ္စပါ။အလျော့ မပေးပါနဲ့ ။နိုင်ဟံသာ ခွန်ဥက္ကာ ဘာမှအင်အားမရှိစောက်ဆင့် မရှိတဲ့ ကောင်တွေ။တောအားကိုးပြီးနယ်စပ်မှာတောင်မရပ်တည်နိုင်တဲ့ ကောင်တွေ။

    ReplyDelete