Tuesday, April 21, 2015

ရခိုင်ပြည်နယ်တွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး တရုတ်ကူညီရန် ရခိုင်အမျိုးသားပါတီ တောင်းဆိုဆွေးနွေး


မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စတင်ရာ ကျောက်ဖြူဒေသဖွံ့ဖြိုး ရန်၊ ရခိုင်ပြည်နယ်တွင်လိုအပ်နေ သည့် အခြေခံအဆောက်အအုံ များကို တရုတ်အစိုးရက ကူညီ ဖြည့်ဆည်းပေးရန် ရခိုင်အမျိုးသားပါတီ (ANP)က တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ANP ဒုတိယခေါင်း ဆောင်က ပြောသည်။
နှစ်ပေါင်း ၆၀ ကျော် တရုတ် နိုင်ငံကို စိုးမိုးအုပ်ချုပ်နေသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ရခိုင် အမျိုးသားပါတီအကြား ယခုတွေ့ဆုံမှုသည် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းပိုက်လိုင်း များ၊ မဒေးကျွန်းရေနံတင်ဆိပ်ကမ်း တို့ဖွင့်လှစ်ပြီး နှစ်လခွဲအကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ရခိုင် အမျိုးသားပါတီ ဒုတိယခေါင်း ဆောင် ဒေါက်တာအေးမောင်နှင့် အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ၏ ဖိတ်ကြားမှုအရ ဧပြီ ၁၂ ရက် မှ ၁၅ ရက်အထိ ဘေဂျင်းမြို့သို့ သွားရောက်ခဲ့ကြပြီး ရခိုင်ပြည် နယ်အရေးအတွက် တောင်းဆို ဆွေးနွေးခဲ့ကြရာ တရုတ်ကွန်မြူ နစ်ပါတီမှ အဆင့်မြင့်အရာရှိများ က လက်ခံခဲ့ကြသည်ဟု ဆိုသည်။ တရုတ်အစိုးရက ရခိုင်ပြည်နယ် တွင်လိုအပ်သည့် အခြေခံအ ဆောက်အအုံပိုင်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်လဲဆိုသည် ကို ANP က မေးမြန်းဆွေးနွေးခဲ့ သည်ဟု ဆိုသည်။
‘‘ဒေသဖွံ့ဖြိုးမှုကို သူတို့မကူ ညီရင် ကျောက်ဖြူဒေသလုံခြုံရေး ဟာ စိုးရိမ်စရာရှိနိုင်တယ်ဆိုတာ လည်း ဆွေးနွေးဖြစ်တယ်’’ဟု ဒေါက်တာအေးမောင်က ပြော ကြားသည်။
ကျောက်ဖြူဒေသကို တရုတ် လက်ထဲလုပ်ပိုင်ခွင့်ပေးအပ်ခဲ့သူ များမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးလက်ထက်၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ကပင်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ ရခိုင်ပြည်နယ်အနေဖြင့် ဒေသမှ အရင်းအမြစ်များကို ဒေသက ခံစားခွင့်မရသည့်အပြင် အစိုးရ၏ ဖိနှိပ်မှုကိုလည်း နှစ် ပေါင်း ၆၀ ကျော် ခံစားခဲ့ရကြောင်း ၎င်းက ဆိုသည်။
‘‘ရခိုင်ပြည်နယ်ကိုပဲ တိုက် ရိုက်အကူအညီပေးပါဆိုတော့ (တရုတ်ကွန်မြူနစ်ပါတီ) အထွေ ထွေအတွင်းရေးမှူးဆီ တင်ပြပေး မယ်လို့ သူတို့ဘက်က ပြောပါ တယ်။ အစည်းအဝေးမှာ ကျွန် တော်တို့တောင်းဆိုတာကို သူတို့ က လက်ခံတယ်’’ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ရခိုင်တိုင်းရင်းသားများနှင့် တရုတ်နိုင်ငံသားများ ချစ်ကြည် ရင်းနှီးရေးဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ လာမည့်မေလအတွင်း တရုတ် ကွန်မြူနစ်ပါတီကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး ဇွန်လ၌လည်း ANP ပါတီဝင်လူငယ် ၂၀ ဦးမှာ တရုတ် နိုင်ငံသို့ လေ့လာရေးသွားရောက် ရန် နှစ်ဖက်သဘောတူထား သည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ရခိုင် ပြည်နယ်သည် ဒုတိယဖွံ့ဖြိုးမှု နောက်ကျဆုံးပြည်နယ်တစ်ခု ဖြစ်သည်။ စစ်အစိုးရလက်ထက် ဆယ်စုနှစ်ပေါင်းများစွာ ရခိုင် ပြည်နယ်၏ လမ်းပန်းဆက်သွယ် ရေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ လျှပ်စစ်မီး အစရှိသည့်အခြေခံ အဆောက်အအုံကဏ္ဍမှာ သိသိ သာသာအားနည်းကြောင်း စစ် တမ်းများက ဖော်ပြသည်။ ပြီးခဲ့ သည့် သုံးနှစ်တာအတွင်းဖြစ်ပွားခဲ့ သော ဘာသာရေး၊ လူမျိုးရေး ဆိုင်ရာ ပဋိပက္ခများကြောင့်လည်း ဒေသဖွံ့ဖြိုးမှုအနေအထားကို နိုင်ငံတကာက ထပ်မံလျှော့ချ သတ်မှတ်ခဲ့ကြပြန်သည်။
ယခုအချိန်တွင် မဒေးကျွန်းမှ စတင်ကာ ရခိုင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက် ပိုင်း)တို့ကို ဖြတ်သန်း၍ မြန်မာ နိုင်ငံကို စလွယ်သိုင်းဖြတ်သန်း ကာ တရုတ်နိုင်ငံထဲဝင်သွားကြ သည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြွှာပိုက် လိုင်းနှစ်ခုသည် လုပ်ငန်းလည် ပတ်နေပြီး ယင်းပိုက်လိုင်းများနှင့် မဒေးကျွန်းရေနံတင်ဆိပ်ကမ်း ကို တရုတ်နိုင်ငံ၏ အိန္ဒိယ သမုဒ္ဒ ရာထွက်ပေါက်အဖြစ် နိုင်ငံတ ကာ ပထဝီနိုင်ငံရေးလေ့လာ သုံး သပ်သူများက သုံးသပ်သည်။
7Day

No comments:

Post a Comment