Thursday, April 2, 2015

အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း အတည်ပြုနိုင်ခြင်း အပေါ် ပြည် တွင်း၊ ပြည်ပ အဖွဲ့အစည်းပေါင်းစုံကြိုဆို

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နောက်ဆုံးမူကြမ်း အတည်ပြုလက်မှတ်ရေးထိုးလိုက်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ကော်မရှင်အချို့က ကြိုဆိုကြောင်း ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်လာကြသည်။

ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြည့်မြင်တိုင်မြို့နယ် လွှတ်တော် အမှတ် (၁)မဲဆန္ဒနယ်မှ ကိုယ်စား လှယ် ဒေါ်ကြည်ကြည်မာက NCA နောက်ဆုံးမူကြမ်း အတည်ပြု လက်မှတ်ရေးထိုးနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အရေးကြီး အဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း ထောက်ခံခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တိုင်းပြည်တွင် ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ကွယ်ဆိတ်သုဉ်းနေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရရှိမှုဆီ ဦးတည်သော သမိုင်းဝင် ခြေလှမ်း တစ်လှမ်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီ၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတို့ကို အမေရိကန်ပြည်ထောင်စု က ထောက်ပံ့ပေးနေ သည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဖော်ဆောင်နေ မှုကို မြန်မာပြည်သူများက ကြိုဆိုထောက်ခံကြသကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း ဆက်လက်ထောက်ပံ့သွားရန် အဆင်သင့်ရှိနေကြောင်း ကြေညာခဲ့ သည်။

မြန်မာ့သမိုင်း၏ ယခုကဲ့သို့ သမိုင်းဝင်မှတ်တိုင်တစ်ခုကို ကြိုဆိုပြီး သမ္မတဦးသိန်းစိန်နှင့် သူ၏စေ့စပ်ညှိနှိုင်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် NCCT တို့ကို ချီးကျူး ဂုဏ်ယူကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ကြေညာခဲ့သည်။ 

ယခုသဘောတူညီမှုသည် ရန်သူတော်ဟောင်းများအကြား ယုံကြည်မှု၊ ယုံကြည်အားထားမှု၊ ပူးပေါင်းဆောင်ရွက်မှု အနေအထားအသစ်များ ရရှိ ဖြစ်ပေါ်နိုင်ကြောင်း ၊ မြန်မာနိုင်ငံရှိ အပြောင်းအလဲမျိုးစေ့များ အညှောင့်ထွက် အပင်ပေါက်ရန် စတင်နေပြီဖြစ်ကြောင်း သင်္ကေတတစ်ခုပင်ဖြစ်သည်ဟု ကုလအတွင်းရေးမှူးဘန်ကီမွန်း ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယား က ပြောသည်ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟန်ဟက်က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ပြောကြားခဲ့သည်။

ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့- ယူနီဆက် (UNICEF) ကလည်း ယခုလက်မှတ်ရေးထိုးနိုင်မှုသည် ကမ္ဘာပေါ် တွင် ပြည်တွင်း စစ်အရှည်ကြာဆုံး ဖြစ်ပွားမှုကြောင့် ဘေးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာနိုင်ငံရှိကလေးသူငယ်များအတွက် သတင်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာသည်။ 

မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးသူငယ်များသည် ပဋိပက္ခဒဏ်ကို ခံစားကြုံတွေ့နေကြရပြီး ကလေးသူငယ်များအတွက် ပေးအပ်နေသော အခြေခံဝန်ဆောင်မှုများဖြစ်သည့် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခံရခွင့် အခွင့်အရေးများ၊ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေးများ ပျက်စီးဆုံးရှုံးခဲ့ပြီး ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်ပျက်စီးစေသည့်အပြင် လူကုန်ကူးခံရခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းအသုံးချခံ ရခြင်း စသည့် အန္တရာယ်များနှင့်လည်း ကြုံတွေ့ခဲ့ကြရသည်ဟု ယူနီဆက်က ထောက်ပြသည်။

ဆွစ်ဇာလန်နိုင်ငံ သံရုံးကလည်း NCA မူကြမ်းတစ်ခု သဘောတူလိုက်နိုင်သည့် UPWC နှင့် NCCT ဆိုသည့် စေ့စပ်ညှိနှိုင်း အလုပ်အဖွဲ့များကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ယခုဖြစ်ရပ်သည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးပါသည့် မိုင်တိုင်တစ်ခုဖြစ်ပြီး လူထုအနေဖြင့် ၎င်းတို့၏ မတူကွဲပြားမှုများကို အတင်းအဓမ္မနည်းဖြင့် ဖြေရှင်းရန် ကြိုးစားခြင်းထက် ဆွေးနွေးတိုင်ပင်ခြင်းကို ပြုလုပ်စပြုလာသည့် ဤပြောစမှတ်ပြုလောက်သော နိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှု အခန်းသစ် စတင်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

‘‘ဒါဟာ ပဋိပက္ခဒဏ်ခံဒေသ တွေမှာ နေထိုင်နေရတဲ့ ပြည်သူလူထုနဲ့ သူတို့ရဲ့လွတ်လပ်စွာလှုပ်ရှားခွင့်၊ ဈေးကွက်နဲ့ဝန်ဆောင်မှု ဆိုင်ရာ အခွင့်အလမ်းတွေ ပြန် လည်ရရှိဖို့အတွက် ကြိုးစားဆောင်ရွက်နေသူတွေ အားလုံးအတွက် သာမန်ဘဝသစ်တစ်ခု စတင်မှုလည်း ဖြစ်ပါလိမ့်မယ်’’ ဟု ဆွစ်ဇာလန်သံရုံး ကြေညာချက်တွင် ဖော်ပြသည်။

တိုင်းရင်းသားနိုင်ငံရေး ပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီ နောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)ကလည်းNCA နောက်ဆုံးမူကြမ်းသဘော တူညီမှုကို ကြိုဆိုကြောင်းကြေ ညာခဲ့သည်။ NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် အမြန်ဆုံးချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကျင်းပခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ဖော်ဆောင် နိုင်ရေးအတွက် NCA ကို အမြန် ဆုံးလက်မှတ်ရေးထိုးရန် NBF က တိုက်တွန်းခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကလည်း NCA နောက်ဆုံးမူကြမ်းအတည်ပြုနိုင် ခြင်းအတွက် ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဧပြီလထဲတွင် ပြုလုပ်သွားမည့် တိုင်းရင်းသားထိပ်သီးညီလာခံ၌ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ကိုသာမက NCCT အဖွဲ့တွင် မပါသေးသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ကိုပါ ဖိတ်ကြားပြီး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် အားလုံးပါ ဝင်နိုင်ရန် ဆွေးနွေးညှိနှိုင်းသွားကြမည်ဆိုသော အစီအစဉ်ကိုလည်း ထောက်ခံကြောင်း ဖော်ပြ ခဲ့သည်။

ထို့အပြင် ဖမ်းဆီးထားသော ကျောင်းသား ကျောင်းသူများ၊ အလုပ်သမား၊ လယ်သမားများ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိလွှတ်ပေး ရန်နှင့် ဤငြိမ်းချမ်းရေး တည် ဆောက်မှုဖြစ်စဉ်တွင် နိုင်ငံသား အားလုံးလွတ်လပ်စွာ ပါဝင်ခွင့်ပြုရန်လည်း DPNS က တိုက်တွန်း သည်။

တစ်ချိန်တည်းမှာပင် Centre for Humanitarian Dialogue (HD) ကလည်း နောက်ဆုံးမူကြမ်း သဘောတူညီမှုကို ကြိုဆိုလိုက်ပြီး ယခုသဘောတူညီမှုက ပါဝင်သင့် ပါဝင်ထိုက်သော နိုင် ငံရေး ခေါင်းဆောင် များနှင့် အခြားအ ဖွဲ့အစည်းများမှ ခေါင်းဆောင် များ အားလုံးပါဝင်နိုင် သည့် နိုင်ငံ ရေးဆွေးနွေးပွဲဖြစ်မြောက်နိုင်ရန် လမ်းခင်းပေး လိုက်ခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

7Day News Journal

No comments:

Post a Comment