Friday, April 3, 2015

ဒီပဲယင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ဖြင့် ရိုက်မိပြီး ကလေးငယ်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်ကျေးရွာ၏ အနောက် ဘက် ခရိုင်ချင်းဆက် လမ်းမကြီးအနီးတွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်များ လဲကျ၊ သစ်ကိုင်းများ လွှင့်စင်ခြင်းကြောင့် ကလေးငယ်နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။
 လေပြင်းများ တိုက်ခတ်ပြီး သစ်ပင်အချို့ သစ်ကိုင်းများပြတ်ကျခြင်း၊ အမြစ်မှကျွတ်၍လှဲကျကာ အနီးရှိ လူနေအိမ်တစ်လုံးအား သွားရောက် ထိမှန်ခဲ့ရာမှ နေအိမ်ရှေ့တွင် ရပ်နေသည့် ကလေးငယ်နှစ်ဦးမှာ သစ်ကိုင်းများ ရိုက်ခတ်မိသည့်အတွက် ဦးခေါင်း နောက်စေ့ပိုင်းနေရာနှင့် နဖူးနေရာများတွင် ဒဏ်ရာများရရှိခဲ့ပြီး မူးကမ်း တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ဒဏ်ရာများကြောင့် ယင်းနေ့ ညနေ ငါး နာရီခွဲအချိန်၌ သေဆုံးသွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်း တစ်ဦးထံမှ သိရသည်။

သေဆုံးသွားသည့် ကလေးနှစ်ဦးမှာ အသက် ၁၂ နှင့် အရွယ် နှင့် အသက် ရှစ်နှစ် အရွယ် ရှိပြီး ညီအစ်ကို နှစ်ဦးဖြစ်ကာ ၄င်းတို့၏ အမေဖြစ်သူမှာလည်း သစ်ကိုင်းရိုက်မိသည့် ဒဏ်ကြောင့် ဆေးကုသမှု ခံယူနေရ သည်ဟု မူးကမ်းနယ်မြေရဲစခန်းမှူး ရဲအုပ် ဌေးနိုင်က ပြောသည်။

အဆိုပါ အမျိုးသမီး (ဒေါ်အေးအောင်) ဆေးကုသ နေခြင်းနှင့် ပတ်သက်၍လည်း ၎င်းက "အသက်အန္တရာယ် စိုးရိမ်ရတဲh အခြေအနေတော့ မရှိတော့ဘူးလို့ အပူတပြင်း ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများက ပြောပါတယ်" ဟု ပြောသည်။

ကလေးငယ်နှစ်ဦး သေဆုံးခြင်းနှင့် ပတ်သက်၍လည်း ဆက်လက် စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် မူးကမ်းနယ်မြေရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၁/ ၂၀၁၅ အရ ဆောင်ရွက်လျက်ရှိနေကြောင်း ၎င်းစခန်းမှူးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ပြီးခဲ့သည့် မတ်လ ၃၀ ရက် ညနေပိုင်းအချိန်မှစတင် ၍ ရုတ်တရက်လေပြင်းတိုက်ခတ်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ သစ်ပင်ကြီးများကျိုးပြိုလှဲခြင်း၊ သစ်ကိုင်းများ လေနှင့်အတူ ပြတ်တောက်၍ လွင့်စင်ခြင်းများဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် အများပြည်သူ၏ အသက်အန္တ ရာယ်များ ထိခိုက်လာနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများ နှင့်ပတ်သက်၍ အများပြည်သူသိရှိစေနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန် စစ်ကိုင်းတိုင်း ဒေသကြီး ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ရဲတပ်ဖွဲ့ဝင်များကို လမ်းညွှန်မှာကြားထားသည်ဟုလည်း ၄င်းက ပြောသည်။
Mizzima

No comments:

Post a Comment