Wednesday, April 22, 2015

သာယာဝတီမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းများပြီး လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဂုံမင်းမြှောင်ကျေးရွာနှင့် ကံကလေးကျေးရွာတွင် ဧပြီ၂၁ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဆင်စခန်းကျေး ရွာနေ စိန်ဝင်းပုဆိုသူဖြစ်ပြီး ၎င်း၏ အလောင်းကို တာလမ်းတူးမြောင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လူသတ်မှုမဖြစ်ပွားမီ နံနက်က သာယာဝတီမြို့ ဆင်စခန်းကျေးရွာနေ သေဆုံးသူ စိန်ဝင်းပု၏ ဆိုင်ကယ်ကယ်ရီကို ရန်မင်းအောင် (ခ) ရွှေအလေးက ငှားစီးရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအချင်းများခဲ့ကြောင်း ကြို့ကုန်းကျေးရွာမှ မျက်မြင်အချို့က ပြောသည်။

‘‘တရားခံကိုတော့ မိထားပါ ပြီ။ သူ့ကို အဲဒီရွာသူတွေပဲ ၀ိုင်းပြီး ဖမ်းပေးတယ်။ တရားခံကိုတော့ စစ်ဆေးနေတုန်းပါပဲ။ သူက စကားမပြောတတ်တော့ မိဘတွေ နေထိုင်တဲ့နေရာကို အကြောင်းကြားထားတယ်။ ခုအချိန်မှာတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်’’ဟု သာယာဝတီရဲစခန်းမှ အမှုစစ် ရဲအရာရှိက ပြောသည်။

သေဆုံးသူတွင် လည်ပင်း ပြတ်ရှဒဏ်ရာတစ်ချက်တွေ့ရပြီး မည်သည့်အတွက် သေဆုံးသည် ကို သိရှိနိုင်ရန် သာယာဝတီမြို့နယ် ငြိမ်းချမ်းရေးနာရေးကူညီမှုအသင်းနှင့် သုံးဆယ်မြို့ ကရုဏာလူမှုကူညီရေး အသင်းတို့ အကူအညီဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။ ရွာသားများက သေဆုံးသူ စိန်ဝင်းပုကို မတွေ့သဖြင့် ၎င်းနှင့် စကားများရန်ဖြစ်ခဲ့သည့် ရန်မင်းအောင်အား မေးမြန်းရာတွင် ခြေဟန်လက်ဟန်ဖြင့် ရွာနောက်သို့ ရေသွားချိုးသည့်ဟန်ပြုလုပ်ပြခဲ့ကြောင်း၊ သို့သော် မသင်္ကာ၍ တူးမြောင်းသို့သွားရောက်ကြည့်သောအခါ အလောင်းကို တွေ့ရှိခဲ့ရကြောင်း ရွာသားတစ်ဦးက ပြောသည်။

‘‘ရန်မင်းအောင်ကို မေးတော့မသိသလိုလုပ်သေးတယ်။ နောက် မှ ရေချိုးသွားတဲ့ပုံစံလုပ်ပြတယ်။ သူ့ကို မယုံတာနဲ့ သွားကြည့်တော့ ဖိနပ်ပဲကုန်းပေါ်မှာတွေ့တယ်။ စိန်ဝင်းပုအလောင်းကို တူးမြောင်းထဲမှာတွေ့တယ်။ အဲဒီမှာ သူက ဆိုင်ကယ်စီးပြေးမလို့ လုပ်တာ စက်မနိုးဘူး။ ထွက်ပြေးတော့ အ ကုန်လုံးဝိုင်းပြီး လိုက်ဖမ်းတာမိ တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ လူသတ်မှုကို သာယာဝတီမြို့မရဲစခန်းက တာဝန်မှူးဒုရဲအုပ် အုန်းခိုင်က တရားလို ပြုလုပ်ပြီး တရားခံဟု ယူဆရသူ ရန်မင်းအောင်ကို ပ/၉၁/၂၀၁၅၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သာယာ ၀တီရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment